ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ကြီးကြပ်ကွပ်ကဲရေး၊ တိုင်းရင်းဆေးလုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၅)ရက်

     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှူးများ၊ တာဝန်ခံများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

     အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူးများနှင့် တာဝန်ခံများ တက်ရောက်ခဲ့ ကြသည်။

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအနေဖြင့် (၂၀၂၁)ခုနှစ်မှ (၂၀၂၅)ခုနှစ်အတွင်း ပိုမို တိုးတက်မှုရှိလာပါကြောင်း၊ ဦးစီးဌာနအနေဖြင့် ရန်ကုန်၊ မန္တလေး(ရုံးခွဲ) သစ်များနှင့် နေပြည်တော်တွင် သင်တန်းခန်းမနှင့် ကုန်လှောင်ရုံများ ဖွင့်လှစ်နိုင်ခဲ့ ကြောင်း၊ ဦးစီးဌာနသည် (၂၀၂၁)ခုနှစ်မှစတင်၍ E-submission စနစ်ကို စတင်ကျင့် သုံးခဲ့ရာ ပွင့်လင်းမြင်သာမှုရှိခြင်း၊ သုံးစွဲသူများ အလွယ်တကူ အသုံးပြုနိုင်ခြင်းစသည့် အားသာချက်များ ရှိသည်ကို သိရှိရကြောင်း၊ ဦးစီးဌာနအနေဖြင့် လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ဘဏ္ဍာငွေရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူလူထုနှင့်ထိတွေ့ ဆောင်ရွက် လျက်ရှိသည့် ဌာနဖြစ်သည့်အားလျော်စွာ ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း မူဘောင်ထဲမှ လုပ်ငန်းများကို မြန်ဆန်လွယ်ကူအောင် ဝန်ဆောင်မှုပေးရမှာ ဖြစ်ကြောင်း၊ မန္တလေးငလျင် ကြီး လှုပ်ခတ်သည့်ကာလအတွင်း ဦးစီးဌာန ဓာတ်ခွဲခန်းများကို မီးဘေးအန္တရာယ် ကာကွယ်ခြင်းလုပ်ငန်း များကို အချိန်နှင့်တစ်ပြေးညီတုံ့ပြန် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံသားများ မျှော်မှန်းသက်တမ်းတိုးမြှင့်ရေးတွင် ပြည်သူလူထုစားသုံးသည့် အစားအသောက်နှင့်ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးသည် အရေးကြီးပါကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ တင်သွင်းမှုကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်လျက်ရှိရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဆေးဝါးများကို နယ်စပ်စခန်းမျာတွင် စနစ်တကျစစ်ဆေးရန် လိုအပ်ပါကြောင်း၊ MSMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ ဦးစီးဌာနနှင့်သက်ဆိုင်သည့် အခန်းကဏ္ဍများတွင် နှီးနွယ်ဌာနဆိုင်ရာများကို ဆက်လက်၍ ပံ့ပိုးကူညီဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာတိုင်း‌ဒေသကြီးနှင့်ပြည်နယ်များရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရုံးခွဲများတွင် အစားအသောက်များကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့် ဆေးဝါးဓာတု ဓာတ်ခွဲခန်းများနှင့် အစားအသောက် ဓာတုဓာတ်ခွဲခန်းများအား နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ISO Certificate များရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် အစားအသောက်နှင့် ဆေးဝါးမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများကို လုပ်ငန်းရှင်များ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
     ဆက်လက်၍ တက်ရောက်လာကြသည့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

     ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ တိုင်းရင်းဆေး ပညာဦးစီးဌာန၌ ဦးစီးဌာနတာဝန်ရှိသူများ၊ တိုင်းရင်းဆေးတက္ကသိုလ်မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှူးများ၊ တိုင်းရင်းဆေးရုံအုပ်ကြီးများ၊ စက်ရုံမှူး၊ တာဝန်ခံများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားရာတွင် တိုင်းရင်းဆေးပညာဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ရောဂါကုသသည့် ဆေးနံ့သာတုပ်ကွေးအဖျားပျောက်ဆေးအား စနစ်တကျ သုတေသနပြုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တိုင်းရင်းဆေးအား ပြည်သူများ အားကိုးယုံကြည်မှုရရှိရန် ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြန်မာ့တိုင်းရင်းဆေးကို ကမ္ဘာက အသိအမှတ်ပြုစေရန် မူပိုင်ခွင့် ရရှိစေရေးကို ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ သဘာဝဘေးများ ကြုံတွေ့ရာတွင် တိုင်းရင်းဆေး မှ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်အတွက် ကျေနပ်အားရပါကြောင်း၊ တိုင်းရင်းဆေး တက္ကသိုလ်က ပါရဂူဘွဲ့သင်တန်းဖွင့်လှစ်နိုင်ခြင်းမှာလည်း အောင်မြင်မှုတစ်ခုဖြစ်ကြောင်း၊ တိုင်းရင်းဆေး ပညာရပ် အမွေအား မျိုးဆက်သစ်များကိုလက်ဆင့်ကမ်းကြိုးစားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုင်းရင်းဆေးဝါးစက်ရုံမှ ထုတ်လုပ်သည့်တိုင်းရင်းဆေးဝါးများအား ပို၍အဆင့်မီအောင် ဆောင်ရွက်သွားရန် နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် သိပ္ပံနည်းကျသုတေသန လုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ရရှိပြီးသောလုပ်ငန်းအောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်း သွားရန်နှင့် အားနည်းချက်များကို ပြန်လည်ဆန်းစစ်ကာ ‌ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို ပိုမိုအောင်မြင်အောင်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှူးများ၊ တိုင်းရင်းဆေးရုံ အုပ်ကြီးများ၊ စက်ရုံမှူး၊ တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။