|
နေပြည်တော်၊ (၂၀၂၅) ခုနှစ်၊ မေလ (၂၉) ရက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် (၂၉-၅-၂၀၂၅) ရက်နေ့၊ နံနက် (၉း၃၀) နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သည့် “ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှလုပ်ငန်း ကော်မတီအစည်းအဝေး (၁/၂၀၂၅)” တွင် အဖွင့်အမှာစကား ပြောကြားရာ၌ – ယခုအချိန်ကာလတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များသည် အရေအတွက်ပိုမိုများပြားလာပြီး ပြင်းထန်မှုအတိုင်းအတာများလည်း ပိုမိုတိုးမြင့်လာကာ ထူးထူးကဲကဲဖြစ်စဉ်များ ဖြစ်ပွားလာသည်ကို တွေ့ရပါကြောင်း၊ သဘာဝဘေးအန္တရာယ်တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ကဏ္ဍဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ခြင်း သည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများသည် သဘောသဘာဝမတူညီကြသည့်အတွက် သဘာဝဘေးအမျိုးအစားအပေါ်မူတည်၍ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုများ မတူညီနိုင်ပါကြောင်း၊(၂၀၂၃) ခုနှစ်အတွင်းဖြစ်ပွားခဲ့သော မိုခါမုန်တိုင်းဖြစ်စဉ်၊ (၂၀၂၄) ခုနှစ်တွင် ဖြစ်ပွားခဲ့သော တိုင်ဖုန်းမုန်တိုင်းရာဂီနှင့်ဆက်စပ်သော ရေကြီးမှုဖြစ်စဉ်များနှင့် (၂၀၂၅) ခုနှစ်အတွင်းဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီးဖြစ်စဉ်တို့တွင် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန်ဆောင်ရွက်မှုနှင့် ပြန်လည်ထူထောင် တည်ဆောက်မှုလုပ်ငန်းများကို လုပ်ငန်းကော်မတီဝင်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများက သက်ဆိုင်ရာကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် စောစီးစွာကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြတ်တောက်မှုမရှိ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ခဲ့ပြီး နောက်ဆက်တွဲ ကူးစက်ရောဂါများ ကပ်အသွင်ဖြစ်ပွားမှုလည်း မရှိခဲ့ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များတွင် ကောင်းမွန်တိကျသော အုပ်ချုပ်မှုစနစ်နှင့် ဦးဆောင် လမ်းညွှန်မှုတို့ကြောင့် ကျန်းမာရေးကဏ္ဍအနေဖြင့် အောင်မြင်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုနှင့် သက်ဆိုင်ရာဌာနများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည်လည်း အဓိကကျ သောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါကြောင်း၊ မန္တလေးငလျင်ကြီးဖြစ်စဉ်တွင် ဘေးဒဏ်သင့်ဒေသများရှိ ကျန်းမာရေးဝန်ထမ်းများကိုယ်တိုင် ဘေးဒဏ်ကြုံတွေ့ခဲ့ရသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အင်တိုက်အားတိုက် တာဝန်ကျေပြွန်စွာဆောင်ရွက်ခဲ့ကြပါကြောင်း၊ ငလျင်ဘေးသင့်နေရာဒေသများတွင် အရေးပေါ်ကုသမှုပေးခြင်းကို သာမက ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းများကိုပါ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကွင်းဆင်းအဖွဲ့များသည် တပ်မတော်ဆေးတပ်ဖွဲ့များ၊ နိုင်ငံတကာအရေးပေါ်ဆေးအဖွဲ့များနှင့်အတူပူးပေါင်း၍ အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ငလျင်ကြောင့် ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးသူများအတွက် အရည်အသွေးကောင်းမွန်သော အစားထိုးခြေတုနှင့် လက်တုများတပ်ဆင်ပေးနိုင်ရေး အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ ငလျင်ကြီးဖြစ်စဉ် ပြန်လည်ထူထောင် တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေချိန်ဖြစ်ပြီး မိုးရာသီကာလသို့လည်း ရောက်ရှိနေပြီဖြစ်သဖြင့် မိုးရာသီတွင် ဖြစ်ပွားနိုင်သော သဘာဝဘေးအန္တရာယ်များ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအပါအဝင် ကူးစက်ရောဂါများနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေများအတွက် ကျန်းမာရေးကဏ္ဍကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက တုံ့ပြန်ဆောင်ရွက် နိုင်ရေးအတွက် ပြည်သူ့ဆေးရုံများတွင် သဏ္ဍာန်တူလေ့ကျင့်ခန်းများ ကြိုတင်ပြင်ဆင်လေ့ကျင့်ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် သဘာဝဘေး အန္တရာယ်ကြုံတွေ့လာပါက အသုံးပြုနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို စနစ်တကျစုဆောင်းထားရှိထားပြီး အရေးပေါ်ဆေးရုံများ တည်ဆောက်ရေးအတွက် လိုအပ်သည့် ပစ္စည်းများနှင့် ရွှေ့လျားခွဲစိတ်ခန်းများကိုလည်း ကြိုတင်ပို့ဆောင်ထားရှိရန်ဆောင်ရွက်လျက်ရှိရာ နှီးနွှယ်ဌာနဆိုင်ရာများက လိုအပ်သည်များ ပံ့ပိုးပေးစေလိုပါကြောင်း၊ ထိုသို့ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များအတွက် ကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန်ဆောင်ရွက်မှုနှင့် ပြန်လည်ထူထောင်တည်ဆောက်မှုလုပ်ငန်းအဆင့်ဆင့် ပိုမိုတိုးတက် အောင်မြင်စေရေးအတွက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များအားလုံးက ယခင်တွေ့ကြုံခဲ့ရသော ဖြစ်စဉ်များမှ အတွေ့အကြုံများကိုအခြေခံ၍ ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးပါရန်နှင့် ယခု အစည်းအဝေးတွင် လည်း ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။ |
|
![]() |
![]() |
| ဆက်လက်၍ လုပ်ငန်းကော်မတီ၏ လုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့် ရှေ့လုပ်ငန်းစဉ်များအား ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက တင်ပြခဲ့ပါသည်။ ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသော လုပ်ငန်း ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှု၊ ပူးပေါင်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို အသီးသီး တင်ပြဆွေးနွေးခဲ့ပြီး နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ခဲ့ကြ ပါသည်။ ဆက်လက်၍ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ အစည်းအဝေးအား နေ့လယ်ပိုင်းတွင် ရုတ်သိမ်းခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အဖွဲ့ဝင် များ၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ | |
![]() |
![]() |
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၅) သို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်
in




