(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၂၂

     (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပလျက်ရှိရာ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

     အစီအစဉ်အရ ညီလာခံသဘာပတိအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဒေါက်တာ စုစုဒွေး၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပါမောက္ခဒေါက်တာဦးမိတ်၊ ဥက္ကဋ္ဌ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ ဦးသိန်းဝင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်း ( ဗဟို )တို့က ဆောင်ရွက်ကြသည်။

     သဘာပတိက အဖွင့်အမှာစကားပြောကြားရာတွင် ( ၂၃ ) ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ မြန်မာ့တိုင်းရင်းဆေး သမားတော်များသာမက တိုင်းရင်းဆေးနှင့်နှီးနွယ်သော အခြားသောပညာရှင်များပါဝင်ပြီး အတွေ့အကြုံ၊ အတွေးအခေါ်အယူအဆတွေကို အပြုသဘောဆောင်ကာ အမြင်ချင်းဖလှယ် ကြတာကြောင့် မြန်မာ့တိုင်းရင်းဆေးပညာ အဖက်ဖက်ကဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူကောင်းတွေ့ရရှိလာမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့၏ ဘိုးဘွားအမွေအနှစ် ဖြစ်သည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် အဖက်ဖက်ကနေ ပံ့ပိုးကူညီအားပေးလျက်ရှိပါကြောင်း၊ ဤကဲ့သို့ နိုင်ငံတော်အစိုးရ၏ပံ့ပိုး ကူညီ ပေးမှုတွေကို လေးစားတန်ဖိုးထားသည့်အနေဖြင့် မြန်မာ့တိုင်းရင်းဆေးသမားတော်များနှင့် တိုင်းရင်းဆေးပညာရှင်များကလည်း မိမိတို့၏ မြန်မာ့တိုင်းရင်းဆေးပညာ ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်အောင်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အာနိသင်ထက်မြက်သည့် တိုင်းရင်းဆေးဝါးတွေကို အဆင့်အတန်းမြင့်မြင့် ထုတ်လုပ်နိုင်အောင် ၊ ပြည်သူလူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ရာတွင် ပိုမိုထိရောက်တဲ့ကုထုံးတွေ၊ ဆေးဝါးတွေနှင့် စောင့်ရှောက်မှုပေးနိုင်အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြဖို့လည်း လိုပါကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာအဖက်ဖက်က ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညီလာခံသို့တက်ရောက်လာကြသော ကိုယ်စားလှယ်တော်ကြီးများ၊ တိုင်းရင်းဆေးဆရာများနှင့် နှီးနွယ်ပညာရှင်များအနေဖြင့် မိမိတို့၏ပညာရပ်တွေကို မျိုးဆက်သစ်များအတွက် အထောက်အကူကောင်းတွေရရှိအောင် လက်တွဲညီညီပူးပေါင်းပါဝင်ဆွေးနွေးပေးကြဖို့ တိုက်တွန်းလို ပါကြောင်း၊ အကောင်အထည်ဖော်နိုင်မဲ့လုပ်ငန်းစဉ်တွေ Action Plan တွေကိုလည်း လက်တွေ့ကျပြီး အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မဲ့ လုပ်ငန်းစဉ် တွေဖြစ်လာစေရန်အပြုသဘောနဲ့ ဝိုင်းဝန်းဆွေးနွေးကြပါလို့ တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

     ထို့နောက် ရန်ကုန်တိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဦးကြည်ဝင်းက အဆိုပြုချက် အမှတ်(၁)ဖြစ်သော “ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအောက်တွင် မြန်မာနိုင်ငံတိုင်းရင်း ဆေးကောင်စီမှ ဦးဆောင်၍ တိုင်းရင်းဆေးပညာသင်ကြားရေးဆိုင်ရာ အရည်အသွေးအသိအမှတ်ပြု  နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်” အဆိုကို တင်သွင်းရာ တနင်္သာရီ တိုင်းဒေသကြီး မှ ညီလာခံကိုယ်စားလှယ် ဒေါ်ပွင့်ဖြူဖြူသော် က ထောက်ခံဆွေးနွေး သည်။

     အဆိုပြုချက် အမှတ်(၂) “တိုင်းရင်းဆေးပညာ ပိုမို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းဆေးဝါးများ ခေတ်စနစ်နှင့်အညီ ထုတ်လုပ်နိုင်စေရေးအတွက် ဆွေးနွေးပွဲများ၊ မွမ်းမံသင်တန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်” အား ကရင်ပြည်နယ်မှ ညီလာခံကိုယ်စားလှယ် ဒေါ်ဆုပိုမေမှ တင်သွင်းပြီး ကချင်ပြည်နယ်မှ ညီလာခံကိုယ်စားလှယ် ဒေါ်နန်းယမင်းသူ က ထောက်ခံ ဆွေးနွေးကြကာ ညီလာခံ နံနက်ပိုင်းအစီအစဉ်ကို ရပ်နားသည်။

   ၎င်းနောက် ညီလာခံ နေ့လယ်ပိုင်းအစီအစဉ်များအား ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် ပါမောက္ခ ဒေါက်တာအေးထွန်း၊ ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာနကဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဒေါက်တာစုစုဒွေး၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဦးမြင့်ဦး၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာအကြံပေး အဖွဲ့ဝင်များဖြစ်သော ဦးလှမြင့်နှင့် ပါမောက္ခအောင်ကျော်မင်းတို့က ဆောင်ရွက်ပြီး အဆိုပြုချက် အမှတ်(၃) “တိုင်းရင်းဆေးပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်စေရေးနှင့် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ပိုမိုလေ့ကျင့်မွေးထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ရန်” အဆိုအား ရန်ကုန်တိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဒေါ်ခင်နေခြည်မှ တင်သွင်းပြီး တိုင်းရင်းဆေးတက္ကသိုလ်မှ ညီလာခံကိုယ်စားလှယ် ဒေါ်မို့မို့အောင်က ထောက်ခံ ဆွေးနွေးသည်။

     အဆိုပြုချက်အမှတ်(၄) “ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းရင်းဆေးပညာဖြင့် စောင့်ရှောက်မှုပေးရန်နှင့် မြန်မာ့တိုင်းရင်းဆေးပညာ ရိုးရာယဉ်ကျေးမှုအမွေ အနှစ်အား ကျောင်းသားလူငယ်အရွယ်မှစ၍ လေးစားတန်ဖိုးထားတတ်စေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်” အဆိုကို မ‌ကွေးတိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဦးငြိမ်းချမ်းစိုးက တင်သွင်းပြီး ပဲခူးတိုင်း ဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ထောက်ခံဆွေးနွေးပါသည်။

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ Video Message ဖြင့်ပေးပို့သော ဂုဏ်ပြုမိန့်ခွန်းနှင့် ( ၂၃ )ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ညီလာခံ အဖွင့်မိန့်ခွန်းပါ မိန့်ကြားချက်များအား မှတ်တမ်းတင်ပြီး လုပ်ငန်းလမ်းညွှန်များအဖြစ် ခံယူဆောင်ရွက်သွားရန် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင် တင်သွင်းသည့် အဆိုပြုချက်များနှင့် ပတ်သက်၍ အစည်းအဝေး၏ ဆန္ဒသဘောထားရယူပြီး အဆိုများအား အတည်ပြု မှတ်တမ်းတင်ကြောင်းသိရှိရ သည်။

     (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ နှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီး‌နှောဖလှယ်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပလျက်ရှိရာ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။

     မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းတို့ တက်ရောက်အားပေးကာ အစီအစဉ်အရ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲဖွင့်ပွဲ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးကဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် တိုင်းရင်းဆေးတက္ကသိုလ်ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများ နှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဦးမောင်မောင်ဦးတို့ကဆောင်ရွက်ကာ သဘာပတိက အဖွင့်အမှာစကားပြောကြားသည်။

     နံနက်ပိုင်းနှီးနှောဖလှယ်ပွဲတွင် ဆေးဝါးတက္ကသိုလ်မှ ပါမောက္ခချုပ်(ငြိမ်း)၊ ပါမောက္ခ ဒေါက်တာစန်းစန်းနွဲ့က သဘာပတိအဖြစ်ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့မှ ဦးစိုးဝင်းက ဆောင်ရွက်သည်။

     ထို့နောက် တိုင်းရင်းဆေးပညာ ရိုးရာကုထုံးနည်းစနစ်နှင့် ဆေးဝါးဆိုင်ရာစာတမ်း(၁၃)စောင် ဖြစ်သော –

     “ပအိုဝ်းရိုးရာ အရိုးဆက်ဆေးပညာကုသနည်းအား ဖော်ထုတ်လေ့လာခြင်း” ၊

     “ပထဝီဓါတ်ကြိုက်ဆေးမှသည် ခန္ဓာသက်စောင့်ဆေးသို့”၊

     “လားဟူရိုးရာတိုင်းရင်းသားတို့၏ ကျန်းမာရေးဆိုင်ရာ ဓလေ့ထုံးစံများနှင့် အော်ဆယ်ဖို့လက်အော်ရှာ ရီဗင်အနာ (Aaw Sheh Hpo Leh Aaw Sha Shi Ve a na)ခေါ် အသည်း‌ရောင်အသားဝါ ရောဂါကုသမှု အား ဖော်ထုတ်ခြင်း” ၊

     “ Integrative Basic Pathology Osteoarthritis and Sandhivata” ၊

     ထိုင်းနိုင်ငံမှ “Thai Traditional Medicine in Long-Term Care” ၊

     အိန္ဒိယနိုင်ငံမှ “A brief Introduction of Panchakarma” အား ဖော်ထုတ် လေ့လာခြင်း” စာတမ်းများ ဖတ်ကြားကြသည်။

     မွန်းလွဲပိုင်းတွင် နှီးနှောဖလှယ်ပွဲ ဒုတိယပိုင်း အစီအစဉ်များကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ

     တိုင်းရင်းဆေးကောင်စီနာယကဆရာကြီး ဦးမြင့်လွင်က သဘာပတိအဖြစ် ဆောင်ရွက်ကာ သဘာပတိ အဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္က ဦးမြင့်ဦး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ ပါမောက္ခအောင်ကျော်မင်း တို့က ဆောင်ရွက်ပြီး

        “ဝိဇ္ဇာဓရနယဆေးပညာ အခြေခံသဘောတရားနှင့် လက်တွေ့အသုံးချ မြန်မာ့ဓါတ်ဆေးပညာရပ်” ၊

    “အရိုးကော်အားဆေး GYAU-N-Gun Tsi” ၊

    “မြန်မာ့တိုင်းရင်းဆေးပညာ တစ်ခေတ်ဆန်း စေဖို့ ရုပ်၊ နာမ်၊ ဓါတ်စုံ သုံးကြစို့” ၊

    “မ ဆီမန်း အရှိုရိုးရာနည်းဖြင့် ဆေးကုသမှုအား လေ့လာခြင်း” ၊

    “ထုံး၏ ဆေးဘက်အာနိသင် လေ့လာတွေ့ရှိချက်” ၊

   “၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ မှ ဒီဇင်ဘာလအတွင်း ခုတင် (၅၀)ဆံ့ ဘားအံတိုင်းရင်းဆေးရုံအတွင်း လူနာဌာနတွင် တက်ရောက်ကုသခဲ့သော ခါးနာလူနာများ၏ မှတ်တမ်းများအား သုတေသနပြု လေ့လာခြင်း”

     “မဟာဇီဝက၏ အစာလည်းဆေး ဆေးလည်းအစာ ဆေးဝါးမပါ စားနည်းကုထုံးကျမ်း ဗေဒတ္ထနယ ကုထုံးကျမ်း” စာတမ်းများ ဖတ်ကြားပြီး နှီးနှောဖလှယ်ပွဲ တက်ရောက်လာကြသူများက စာတမ်းများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးအကြံပြုကြကာ ပညာရပ်များနှီးနှောဖလှယ်ကြသည်။

     စာတမ်းများအပေါ် သဘာပတိမှ ဆွေးနွေးသုံးသပ်ရာတွင် ယခုနှီးနှောဖလှယ်ပွဲသည် တိုင်းရင်းသားလူမျိုးအသီးသီး၏ ရိုးရာကုထုံးများကို ဖော်ထုတ်သောပွဲဖြစ်သည့်အတွက် အင်မတန် အရေးကြီးကြောင်း၊ ကုထုံးများနှင့်ပတ်သက်၍ မှတ်တမ်းတင်ထားရန်နှင့် တိမ်မြှုပ်‌ပျောက်ကွယ်မသွားအောင် နောင်လာနောက်သားများထံသို့ လက်ဆင့်ကမ်းအမွေပေး ရမည်ဖြစ်ကြောင်း၊ ဆေးကုသသည့်အတွေ့အကြုံနှင့် ဆင်ခြင်တုံတရားပေါ်မူတည်၍ ကုသရမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးကျောင်းသားလူငယ်များအနေဖြင့် တိုင်းရင်းဆေးအမွေကို ကောင်းစွာလိုက်နာ တတ်ရန်လိုကြောင်း၊ အချို့သောရောဂါများသည် ဇာတိ၊ ဇရာ၊ မရဏကဲ့သို့ ဇရာနှင့်ဆိုင်သော သဘောတရားများဖြစ်၍ ကုသမှုအ‌‌ပေါ် လိုက်နာလက်ခံသင့်ကြောင်း၊ တိုင်းရင်းသားများ၏ ရိုးရာဆေးနည်းများနှင့် ပတ်သက်၍ လည်း စနစ်တကျသေချာစွာ မှတ်တမ်းမှတ်ရာ ထားရှိသင့်ကြောင်း သုံးသပ်ဆွေးနွေးမှာကြား ကြောင်းသိရှိရသည်။