ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း ဘူတန်အရေးပေါ်ဆေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်

နေပြည်တော်၊ ဧပြီလ ၁၅

      ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အမျိုးသားသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကိုယ်စား  တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် ဘူတန် အရေးပေါ်ဆေးအဖွဲ့ကို ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနားအား ကျန်းမာရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပခဲ့ပါသည်။

     ရှေးဦးစွာ အခမ်းအနားတက်ရောက်သူများသည် မန္တလေးငလျင်ကြီးတွင်သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် မတ်တပ်ရပ်၍ တစ်မိနစ်ငြိမ်သက်စွာနေကြပါသည်။ ဆက်လက် ၍အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ငလျင်ဘေး တုံ့ပြန်ရေးဆောင်ရွက်ရာတွင် ဘူတန်နိုင်ငံဘုရင်မင်းမြတ်၏ လမ်းညွှန်မှုဖြင့် ဘူတန်နိုင်ငံမှ အရေးပေါ်ဆေး အကူအညီအားရက်ပိုင်းအတွင်းစေလွှတ်၍ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနား မြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၊ ပေါင်းလောင်းယာယီဆေးရုံ၌ ဧပြီလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ အရေးပေါ်လူနာပေါင်း ၃၀၀၀ ကျော်အား ဆေးကုသမှုနှင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးခဲ့သည့်အတွက် ထိခိုက်ခံခဲ့ရသည့် မိသားစုများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင်ဘန်ကောက်မြို့၌ ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီး အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘူတန်နိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံခဲ့ပြီး ဘူတန်ဘုရင်မင်းမြတ်မှ မြန်မာနိုင်ငံတွင်ငလျင် အကြီးအကျယ်ဖြစ်ပွားမှုအတွက် ဝမ်းနည်းကြောင်းဖော်ပြခဲ့ပြီး ဆေးဘက်ဆိုင်ရာအကူအညီများလျင်မြန်စွာ  စေလွှတ်ပေးခဲ့သည့်အတွက် ဘူတန်ဘုရင်မင်းမြတ်၊ ဘူတန်နိုင်ငံအစိုးရနှင့် ပြည်သူများအား ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဘူတန်နိုင်ငံ အစိုးရတို့အကြား ရှေးယခင်ကပင် ဆေးပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်တွင် ၁၉၉၅ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်များအထိ ဘူတန်နိုင်ငံမှ ဆေးပညာတော်သင်များ လာရောက်ပညာသင်ကြားခဲ့ကြကာ အထူးကုဆရာဝန်ဘွဲ့များရရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမှအထူးကုဆရာဝန် များသည်လည်း ဘူတန်နိုင်ငံတွင် တာဝန်ထမ်းဆောင်နေမှုများရှိပြီး ယခုဆေးအဖွဲ့နှင့်အတူဆေးတက္ကသိုလ်(၁) တွင်ပညာသင်ကြားခဲ့သည့် ဘူတန်နိုင်ငံမှ အထူးကုဆရာဝန်များနှင့် ဘူတန်နိုင်ငံတွင်တာဝန်ထမ်း ဆောင်လျက်ရှိသည့် မြန်မာနိုင်ငံသားဆရာဝန်များပါ လာရောက်၍ ဆေးကုသမှုများပေးခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ ငလျင်ဒဏ်ကြောင့်ထိခိုက်ခံစားရသူများအတွက် ကျန်းမာရေး ဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကိုယ်စား ဘူတန်နိုင်ငံအရေးပေါ်ဆေးအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းတင်လွှာနှင့် အမှတ်တရလက် ဆောင်များပေးအပ်ခဲ့ပြီး ဘူတန်နိုင်ငံအရေးပေါ်ဆေးအဖွဲ့ခေါင်းဆောင် Mr. Tashi Wangyal က ဆေးအဖွဲ့ကိုယ်စား အမှတ်တရလက်ဆောင်ပြန်လည်ပေးအပ်ခဲ့ပါသည်။

     ဆက်လက်၍ ဘူတန်နိုင်ငံမှ ဆေးအဖွဲ့ခေါင်းဆောင် Mr.  Tashi Wangyal  မှ ကျေးဇူတင်စကား ပြန်လည်ပြောကြားရာတွင် ဘူတန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငလျင်ဒဏ်ကြောင့်ထိခိုက်ခံစားမှု များအား ကိုယ်ချင်းစာစိတ်ဖြင့်ခံစားရပါကြောင်း၊ မိမိတို့ ဘူတန်အရေးပေါ်ဆေးအဖွဲ့အနေဖြင့် ဧပြီလ ၁ရက်နေ့မှ စတင်၍ နှစ်ပါတ်ကြာ အရေးပေါ်ဆေးကုသမှုများအားဆောင်ရွက်ခဲ့ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်ပေးမှုများကြောင့် များစွာအဆင်ပြေခဲ့ပါကြောင်း၊ ဆေးကုသမှုများအပြင် သန့်ရှင်းသောရေရရှိရေးလုပ်ငန်းစဉ်များတွင်လည်း ကူညီဆောင်ရွက်ပေး ခဲ့ပါကြောင်း၊ နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုအားလည်း ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် မြန်မာပြည်သူများအနေဖြင့် လျင်မြန်စွာပြန်လည်ထူထောင် နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားခဲ့ပါသည်။

     အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှကိုယ်စားလှယ်များ၊ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ် များတက်ရောက်ခဲ့ကြပြီး မြန်မာ့ရိုးရာသပြေခက်နှင့်ရေစင်များ အပြန်အလှန်ပက်ဖျန်းခြင်း၊ မြန်မာ့ ရိုးရာသနပ်ခါးလိမ်းခြယ်ခြင်းဖြင့် အခမ်းအနားအား ရုတ်သိမ်းခဲ့ကြပါသည်။