တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျင်းပပြုလုပ်သော အရိုးရောဂါအထူးကုဆေးရုံကြီး-မန္တလေး (၄)ထပ် ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်
တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အရိုးရောဂါအထူးကုဆေးရုံကြီး-မန္တလေး (၄)ထပ် ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ (၁)ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်နယ်မှူး ဗိုလ်မှူးချပ် သိန်းထွန်းတင်နှင့် တပ်မတော်အရာရှိကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ်များ၊ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊  ကျန်းမာရေး ဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အရိုးရောဂါအထူးကုဆေးရုံကြီး-မန္တလေး၏ (၄)ထပ်ကုသဆောင်သစ်ကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ တပ်နယ်မှူးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြပါသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဧည့်သည် တော်များသည် (၄)ထပ်ကုသဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှု၍ ကုသရေးလုပ်ငန်းများ ပြောင်းရွှေ့ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များ မှာကြားခဲ့ကြပါသည်။
ထို့နောက် တတိယထပ်ရှိ အစည်းအဝေးခန်းမ၌ ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်များကို အခြေခံကာ ပြည်သူအားလုံးအကျုံးဝင် သည့် ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးကို လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါ‌ကြောင်း၊ ကုသမှုအရည်အသွေးမြင့်မားရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလွှမ်းခြုံမှုတိုးတက်စေရေးအတွက် ဆေးရုံများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ အဆင့်မြှင့်တင် ခြင်းတို့နှင့်အတူ အရည်အသွေးဒီဇိုင်းကောင်းမွန်သော ဆေးရုံအဆောက်အဦသစ်များ ဖြည့်ဆည်း ဆောက်လုပ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်း လိုအပ်ချက်ကို ဖြည့်ဆည်းခြင်း၊ ခေတ်မီဆေးရုံသုံးစက် ကိရိယာများ ဝယ်ယူထောက်ပံ့ခြင်း၊ အထူးကုဆရာဝန်များ အပါအဝင် ကျန်းမာရေးဝန်ထမ်း အဆင့်ဆင့်ကို တိုးမြှင့်ခန့်ထားခြင်း၊ လေ့ကျင့်မွေးထုတ်ခြင်း၊ အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်း စသည့် လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊  (၃)နှစ် အတွင်း ကုသရေးဆိုင်ရာ အောင်မြင်မှုများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားထားခဲ့ ရသည့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများ၊ အသည်းအစားထိုးခွဲစိတ်ကုသမှုများကိုလည်း ပြန်လည်နိုင်ခဲ့ပါကြောင်း၊ အရိုးအကြောခွဲစိတ်ကုသမှုနှင့်ပတ်သက်၍လည်း ခက်ခဲ့သည့် လုံးဝပြတ်တောက်သွားသောလက်၊ လက်မောင်း၊ လက်ချောင်းများကို ပြန်လည်ဆက်ပေးနိုင်သည့် ခွဲစိတ်ကုသမှုများကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ချီးမြှင့်သည့် ဆေးပညာထူးချွန်တံဆိပ်ရရှိသူများရှိခဲ့ပါကြောင်း၊

ခုတင်(၁၀၀)နှင့် အထက် ပြည်သူ့ဆေးရုံများတွင် အထူးကုဌာနများ ဖွင့်လှစ်ထားရှိရာမှ ခုတင်(၅၀)ဆံ့ ဆေးရုံများအထိ အထူးကုဌာနများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အထူးကုပြင်ပလူနာကြည့်ရှုမှု အချိန်များကိုလည်း  တိုးချဲ့ကြည့်ရှုပေးလျက်ရှိပါကြောင်း၊ ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ကွင်းဆင်းကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ပြည်သူများလူမှုဘဝ တိုးတက်ရေးအတွက် မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှုနှင့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသမှုတို့ကို ကျွမ်းကျင်ဆေးပညာရှင် အဖွဲ့များဖြင့် နိုင်ငံတစ်ဝန်းသို့ အလှည့်ကျသွားရောက် အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတ်ခွဲစစ်ဆေးမှုများကို ဆေးရုံအဆင့်အလိုက် သတ်မှတ်ထားသော စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက် ထားခြင်းကြောင့် ပြည်သူများ အနေဖြင့် ပြည်သူ့ဆေးရုံများ၌ပင် ဓာတ်ခွဲစစ်ဆေးမှုများစွာကို အခမဲ့ရရှိနိုင်စေရေး ဆောင်ရွက်ထားပါကြောင်း၊ ကုသရေးလုပ်ငန်းများ ပိုမိုကောင်းမွန် စေရေးအတွက် ပြည်သူ့ဆေးရုံများတွင် ဆေးရုံအဆောက်အဦများ တိုးချဲ့ဆောက်လုပ်သကဲ့သို့ သင်ကြားရေးပိုင်းတွင်လည်း အဆောက် အဦများ တိုးချဲ့ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ မန္တလေးမြို့တွင် ဗဟိုအဆင့်ဆေးရုံ (၈)ရုံ ဖွင့်လှစ်ကာ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် အဆောက်အဦကို ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန်၊ ကျန်းမာ ရေးဝန်ထမ်းများအနေဖြင့် လူနာများကို နွေးထွေးပျူငှာစွာ ဆက်ဆံ၍ ပြည်သူများ အားကိုး ယုံကြည်ရသည့် ဆေးရုံဖြစ်စေရေး ဆက်လက်ဆောင်ရွက်ပေးကြရန်နှင့်  ယခုကုသဆောင်သစ်ကို အောင်မြင်စွာ တည်ဆောက်ပြီးစီးအောင် ပံ့ပိုးကူညီပေးခဲ့ကြသည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ အသီးသီးတို့မှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ဂုဏ်ပြု အမှာစကားပြောကြားပြီးနောက် အရိုးရောဂါအထူးကုဆေးရုံကြီး-မန္တလေးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်ဝင်းထွန်းက ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

အရိုးရောဂါအထူးကုဆေးရုံကြီး-မန္တလေးတွင် အထွေထွေအရိုးရောဂါကုသခြင်း၊ ခါးရိုးပိုင်း ဆိုင်ရာခွဲစိတ်ကုသခြင်း၊ လက်ပိုင်းဆိုင်ရာအနုစိတ်ခွဲစိတ်ကုသခြင်း၊ ဒူးဆစ်ရိုး၊ ပေါင်ထိပ်ရိုး အစားထိုးကုသခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး  အရိုးရောဂါဆိုင်ရာပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့် အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာနတို့မှ ရုံးဖွင့်ရက် များတွင် နေ့စဉ် ပြင်ပလူနာ ကြည့်ရှုကုသမှုများ ဆောင်ရွက်ပေးကာ တနင်္လာနှင့် ဗုဒ္ဓဟူးနေ့ များတွင် မွေးရာပါ ခြေခွင်လူနာများအား ကြည့်ရှုကုသပေးခြင်း၊ အရိုးရောဂါအထူးပြု ပါရဂူဘွဲ့သင်တန်းသားများ၊ မဟာဘွဲ့သင်တန်းများ၊ သူနာပြု အရိုးအထူးပြု ဒီပလိုမာ သင်တန်းသားများနှင့် မဟာဘွဲ့ သင်တန်းသားများကိုလည်း လေ့ကျင့်သင်ကြားပေး လျက်ရှိပါသည်။ ယခုဖွင့်လှစ်သော (၄)ထပ် ကုသဆောင်သစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ တည်ဆောက်ရေး(၂)၊ အဆောက်အဦအထူးအဖွဲ့(၆)က တာဝန်ယူ တည်ဆောက်ခဲ့ပြီး စီမံကိန်းတန်ဖိုး (၂,၀၅၆.၀၇) ကျပ်သန်း အသုံးပြုကာ တည်ဆောက်ခဲ့ကာ (၃၇၂၀၀ စ/ပေ) အကျယ်အဝန်းရှိပြီး၊  မြေညီထပ်တွင် အရိုးနှင့်ထိခိုက်ဒဏ်ရာကုသ ဆောင်၊ ပထမထပ်တွင် ကျောရိုးခွဲစိတ်ကုသဆောင်၊ ဒုတိယထပ်တွင် အဆစ်အစားထိုးခွဲစိတ် ကုသဆောင်နှင့် တတိယထပ်တွင် အရိုးကင်ဆာခွဲစိတ်ကုသဆောင်နှင့်အစည်းအဝေးခန်းများ ပါဝင်ဖွဲ့စည်းထားကာ လူနာများ အဆင်ပြေစေရေးအတွက် ပင်မ လှေကား(၁)ခု၊ ဘေးလှေကား (၂)ခုအပြင် (၂၁)ဦးဆံ့ ဓာတ်လှေကား(၁)ခုနှင့် (၈)ဦးဆံ့ ဓာတ်လှေကား(၁)ခုကိုလည်း တပ်ဆင် ထားကြောင်း သိရှိရပါသည်။ 

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟိုအမျိုးသမီးဆေးရုံကြီး-မန္တလေး သို့ သွားရောက်ကာ မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်ကို လှည့်လည်ကြည့်ရှုပြီး သီးသန့်ခန်း၌ ပြုစုစောင့်ရှောက်ထားသော ဗိုက်ချင်းဆက်အမြွှာကလေးများဖြစ်ကြသည့် ကြာညိုသင်းနှင့် ကြာညိုသိမ့်တို့အား သွားရောက် ကြည့်ရှု၍ ထောက်ပံ့ငွေများ ပေးအပ်ကာ အစည်းအဝေးခန်း၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ အဆိုပါကလေးများအား လက်ရှိကျန်းမာရေးအခြေအနေ၊ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ဆေးရုံကြီး၏ ဆေးကုသရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် လိုအပ်သည်များ ညှိနှိုင်းမှာကြားခဲ့ပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါဗိုက်ချင်းဆက်အမြွှာကလေးများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့တွင် ဗဟို အမျိုးသမီးဆေးရုံကြီး-မန္တလေး၌ ခွဲစိတ်မွေးဖွားခဲ့ပြီး ဝမ်းဗိုက်ချင်းဆက်ကာ ကိုယ်တွင်းရှိ အသည်း၌ ဆက်စပ်မှုများရှိသည့် Omphalopagus Type အမြွှာဖြစ်ကြောင်းနှင့် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး အဆိုပါ ကလေးများအား သင့်လျော်သည့်အချိန်တွင် ကလေးဆေးရုံကြီး-ရန်ကုန်သို့ လွှဲပြောင်းကာ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ရေးအတွက် ရန်ကုန်နှင့် မန္တလေးမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ/ အတွေ့အကြုံရှိသည့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ ပူးပေါင်း၍ လိုအပ်သောကုသမှုများကို အကြံပြုဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီး အစည်းအဝေး ခန်း၌ ဆေးရုံအုပ်ကြီး၊ ပါ‌မောက္ခ/အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် မန္တလေးဆေးရုံကြီးတွင်ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုများ ပြန်လည်ဆောင်ရွက်နိုင်ရေး၊ ကင်ဆာရောဂါကုသရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေမှုများအပြင် ကုသရေး (Interventional Radiology)ကိုပါ တစ်ပြိုင်တည်း ဆောင်ရွက်နိုင်ရေး၊ အရည်အသွေးကောင်းမွန်သောဆေးကုသမှု ဆိုင်ရာစက်ပစ္စည်းများ ထပ်မံဝယ်ယူနိုင်ရေး အပါအဝင် ဆေးကုသရေးလုပ်ငန်းများ တိုးတက် ဆောင်ရွက်နိုင်ရန်ကိစ္စများ၊ နိုင်ငံတော်မှခွင့်ပြုရန်ပုံငွေကိုအသုံးပြု၍ ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိရာ ပြည်သူလူထု၏ ကျန်းမာရေးအသုံးစရိတ် စိုက်ထုတ်ကုန်ကျငွေ လျော့နည်းကျဆင်းရေး အတွက် ထိရောက်စွာအသုံးပြုနိုင်ရေးကို အလေးထား ဆောင်ရွက်ပေးရန်၊ လူနာဘေးကင်း လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်များကိုလည်း စနစ်တကျဆောင်ရွက်ကြရန်နှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စ များနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားပါသည်။ ထို့နောက် ဆေးရုံအုပ်ကြီးက ဆေးရုံလုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများကညှိနှိုင်းဖြည့်ဆည်း ပေးခဲ့ကြောင်း သတင်းရရှိပါသည်။