ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် မတ်လ (၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) ၌ ကျင်းပခဲ့သော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၄) သို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက –
• အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊
• ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုများကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများ ပိုမိုများပြား လာပြီး မြန်မာနိုင်ငံသည်လည်း သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်ခြေများသည့် နိုင်ငံတစ်ခုအဖြစ် ရှိနေပါကြောင်း၊ မြန်မာနိုင်ငံတွင် ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်း၊ မီးလောင်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များအပြင် ကူးစက် ရောဂါများ အထူးသဖြင့် ကိုဗစ်-၁၉ ကဲ့သို့ ကပ်ရောဂါများ ကူးစက်ဝင်ရောက်မှုတို့လည်း ဖြစ်ပေါ် ခံစားခဲ့ရပါကြောင်း၊
• သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များအရ ဘေးအန္တရာယ်ဖြစ်စဉ်ဖြစ်ပွားမှုများ၏ အကြိမ်အရေအတွက်သည် ဆယ်စုနှစ်အလိုက် ပိုမိုများပြားစွာဖြစ်ပွားလာသည်ကိုလည်း တွေ့ရှိရပါကြောင်း၊
• လက်ရှိ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များအရ လာမည့်နွေရာသီကာလတွင်လည်း အပူဒဏ် အန္တရာယ်များ ဖြစ်ပွားနိုင်ပါကြောင်း၊
- လွန်ခဲ့သောနှစ်များအတွင်း မုန်တိုင်းဖြစ်ပေါ်ခဲ့မှုများကို ပြန်လည်သုံးသပ်ရာတွင် မုန်တိုင်း ဘေးအန္တရာယ်ကို ဧပြီလကုန်နှင့် မေလဆန်းတို့တွင်လည်းကောင်း၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင်လည်းကောင်း ကြုံတွေ့ရလေ့ရှိပါကြောင်း၊
• ဘေးအန္တရာယ်ဖြစ်စဉ်များအတွက် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ်များ အားကောင်းစွာဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်သူများ၏ အသက်အန္တရာယ်နှင့် ကျန်းမာရေး ထိခိုက်မှုများအား ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊
• ယမန်နှစ်က ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်း ဘေးအန္တရာယ်ဖြစ်စဉ်တွင် ကျန်းမာရေးကဏ္ဍအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် သတိပေးချက်များအား စဉ်ဆက် မပြတ်စောင့်ကြပ်ကြည့်ရှုကာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ အတွင်းတွင်လည်းကောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းကော်မတီများအချင်းချင်းလည်းကောင်း ချိတ်ဆက်ညှိနှိုင်းမှုများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ပါကြောင်း၊
• သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre – DMC) ကို ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်လည်း (၇-၅-၂၀၂၃) ရက်နေ့မှစတင်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၌ Public Health Emergency Operations Center ကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါကြောင်း၊
- မုန်တိုင်းမကျရောက်မီအချိန်တွင် အရေးပေါ်ကျန်းမာရေးအဖွဲ့များ ကြိုတင်စုဖွဲ့ခြင်း၊ ဆေးဝါးနှင့် ပစ္စည်းကိရိယာများ မပျက်စီးစေရေးဆောင်ရွက်ခြင်း၊ လိုအပ်မည့် ဆေးဝါးနှင့် ပစ္စည်းကိရိယာများ ကြိုတင်ပေးပို့ခြင်း၊ ကျန်းမာရေးဌာနအဆောက်အဦများ ထိခိုက်ပျက်စီးမှု နည်းပါးစေရေး ဆောင်ရွက်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် သောက်သုံးရေသန့်များနှင့် စားနပ်ရိက္ခာများ ကြိုတင်စုဆောင်းခြင်း၊ ဆေးရုံများနှင့်ကျန်းမာရေးဌာနများတွင် အသုံးပြုရန် စက်သုံးဆီများ ကြိုတင်စုဆောင်းခြင်းစသည်တို့ကို လုပ်ဆောင်ခဲ့ပါကြောင်း၊
• မုန်တိုင်းကျရောက်ပြီးချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြတ်တောက်သွားခြင်း မရှိစေရန်အတွက် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဆေးရုံများတွင် ခွဲစိတ်ကုသမှုများအပါအဝင် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အမြန်ဆုံးပြန်လည် စတင်ဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်၏ နောက်ဆက်တွဲအနေဖြင့် ကူးစက် ရောဂါများ ကပ်အသွင်ဖြစ်ပွားမှုများ မရှိစေရေးစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခြင်း၊ ကူးစက်ရောဂါ ဖြစ်ပွားမှုများကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများအား ဌာနဆိုင်ရာများ၊ မိတ်ဖက် အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊
• ထိုသို့ဆောင်ရွက်နိုင်ခဲ့မှုများကြောင့် မုန်တိုင်းဘေးအန္တရာယ်၏ နောက်ဆက်တွဲ ကူးစက် ရောဂါများ ကြီးမားသည့်ကပ်အသွင်ဖြစ်ပွားမှုများ မရှိခဲ့ပါကြောင်း၊
- အလားတူ တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ဖြစ်ပွားခဲ့သည် ရေကြီးမှုဖြစ်စဉ်များအားလည်း ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်များကို ပူးပေါင်းဆောင်ရွက်မှု အားကောင်းစွာဖြင့် ဆောင်ရွက်နိုင်ခဲ့ကာ ဘေးအန္တရာယ်၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများဖြစ်ပွားမှုကို ကာကွယ်နိုင်ခဲ့ပါကြောင်း၊
• အဆိုပါ ဖြစ်စဉ်များတွင် ဆောင်ရွက်ခဲ့မှုများသည် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ၏ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှု၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီရှိ လုပ်ငန်း ကော်မတီများအကြား ပူးပေါင်းဆောင်ရွက်မှုတို့ကို အားကောင်းစွာဖြင့် လုပ်ဆောင်မှုများကြောင့် ဖြစ်ပါသဖြင့် ရှေ့ကာလတွင် ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်ဖြစ်စဉ်များတွင်လည်း ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစွာဖြင့် ဆောင်ရွက်စေလိုပါကြောင်း၊
• ယနေ့အစည်းအဝေးတွင် အကြံပြုဆွေးနွေးသည့်အချက်များရယူကာ ဘေးအန္တရာယ်ဖြစ်စဉ်များ အတွက် ကျန်းမာရေးကဏ္ဍကြိုတင်ပြင်ဆင်မှုလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ ဖွဲ့စည်းဆောင်ရွက်မှု၊ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်း ဖြစ်စဉ်နှင့် ရေကြီးမှုဖြစ်စဉ်များတွင် ကျန်းမာရေးစောင့်ရှောက်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီတွင် ပါဝင်သည့် နှီးနွှယ်ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်မှု လျော့ပါးရေး ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ခဲ့မှု ကြောင့် ကူးစက်ရောဂါများ ကပ်အသွင်ဖြစ်ပွားမှုမရှိစေရေး ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ကျန်းမာရေး ဆိုင်ရာပြဿနာများ မပေါ်ပေါက်စေရေးဆောင်ရွက်နိုင်ခဲ့မှုများ၊ လုပ်ငန်းကော်မတီ၏ ရှေ့လုပ်ငန်း စဉ်များနှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် အကြံပြုချက်များ ကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
