ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ဆေးဝါးတက္ကသိုလ်-ရန်ကုန်နှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ  ၆  ရက်

     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဆေးတက္ကသိုလ်(၂)ရန်ကုန်၌ ကျောင်းသား၊ ကျောင်းသူများ နေထိုင်ရန် ဆောက်လုပ်လျက်ရှိသော (၆)ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပါသည်။ အဆိုပါအဆောက်အဦကို (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်မှစတင်ကာ ငွေကျပ်သန်းပေါင်း (၂၈၅၀)အကုန်အကျခံ၍ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး အောက်ဆုံးထပ်တွင် ရုံးခန်း၊ ဧည့်ခန်းများပါဝင်ကာ အခန်းပေါင်း (၁၉၂)ခန်းရှိသဖြင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၈၄)ဦးအထိ နေထိုင်နိုင်မည်ဖြစ်ပါသည်။ 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးဝါးတက္ကသိုလ်-ရန်ကုန်သို့ သွားရောက် ကာ စာသင်ခန်းများနှင့် နိုင်ငံတော်အစိုးရ၏ အထူးရန်ပုံငွေဖြင့် ဆောက်လုပ်ရန် လျာထားသော အဆောက်အဦသစ် မြေနေရာအား လှည့်လည်ကြည့်ရှုပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊  အဆောက်အဦအထူးအဖွဲ့(၂)မှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်ရေးအတွက် အဆောင်များလည်း တိုးချဲ့ တည်ဆောက်ပေးလျက်ရှိရာ အရည်အသွေးပြည့်မီစွာနှင့် အချိန်မီ ပြီးစီးစေရေး ဆောင်ရွက်ပေးကြရန် နှင့် လိုအပ်သည်များ မှာကြား ဖြည့်ဆည်းပေးခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ ပြီး အသစ်တည်ဆောက်ပြီးစီးထားသည့် Operation Theatre Complex (၄)ထပ်ဆောင်သို့ သွားရောက် ကာ ခေါင်မိုးထပ်ရှိ Roof slab ဆောင်ရွက်နေမှုအခြေအနေ၊ တတိယထပ်ရှိ ခွဲစိတ်ခန်းများ အပြီးသတ် လုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေနှင့် ဒုတိယထပ်ရှိ ခွဲစိတ်ခန်းများ၏ လုပ်ငန်း ဆောင်ရွက် နေသည့်အခြေအနေများကို လှည့်လည်ကြည့်ရှုကာ အရည်အသွေးပြည့်မီစွာနှင့် လုပ်ငန်းများ အမြန် ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ပါသည်။ 

     အဆိုပါ Operation Theatre Complex (၄)ထပ်ဆောင်သစ်၏ မြေညီထပ်တွင် ကာကွယ် ဆေးထိုးခန်းနှင့် ဆေးစစ်ဆေးသည့်အခန်းများ၊ ပထမထပ်တွင် အထူးကြပ်မတ်ကုသခန်းများ၊ ဒုတိယထပ်တွင် ခေတ်မီ Modular Operation Theatre ခွဲစိတ်ခန်း (၆)ခန်းနှင့် တတိယထပ်တွင် ခေတ်မီ ခွဲစိတ်ခန်း (၅)ခန်းတို့ ပါဝင်ကာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ ဒုတိယထပ်အထိ ဖွင့်လှစ်၍ ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တတိယ ထပ်ရှိ ခွဲစိတ်ခန်းများပြီးစီးပါက ခွဲစိတ်ခန်း စုစုပေါင်း (၁၁)ခန်းအထိ ဖွင့်လှစ်ကာ ခွဲစိတ်ကုသမှုများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင်အဖွဲ့သည် အစည်းအဝေးခန်းမတွင် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်မှ ပါမောက္ခချုပ်နှင့် သင်ကြားရေးဆိုင်ရာပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက ပညာရေး၊ ကျန်းမာရေး ကဏ္ဍကို ဦးစားပေးကာ အထူးရန်ပုံငွေများအပါအဝင် ရန်ပုံငွေများနှစ်စဉ်တိုးချဲ့ ခွဲဝေပေးလျက် ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရရှိလာသော ရန်ပုံငွေများဖြင့် လူနာများအတွက် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများကို တိုးမြှင့်ဝယ်ယူကာ ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လူနာများ စိတ်အေးချမ်းသာစွာ ဆေးရုံတက်ရောက်ကုသမှုခံယူနိုင်စေရန်နှင့် ကျန်းမာရေး ဝန်ထမ်းများ စိတ်ချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ဆေးရုံအဆောက်အဦများအပြင် သင်ကြားရေးဆိုင်ရာအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများကို နှစ်စဉ်စီမံကိန်းများဖြင့် တည်ဆောက် ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် ရန်ပုံငွေများကို အကျိုးရှိစွာစီမံခန့်ခွဲဆောင်ရွက်ခဲ့ခြင်းကြောင့် အမှန် လိုအပ်သော အဆောက်အဦများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပိုမိုဖြည့်ဆည်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဆေးရုံများ၏ ဝန်ဆောင်မှုများ တိုးတက်စေရေးအတွက် ဝန်ထမ်းအဆင့်ဆင့်ကိုလည်း ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

     ပြည်သူများလိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးအတွက် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက တိုင်းဒေသကြီး/ပြည်နယ်များသို့ အပတ်စဉ်အလှည့်ကျသွားရောက်၍ လူနာများအား ကြည့်ရှုကုသ‌ပေး နေကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အထူးကုပြင်ပလူနာကြည့်ရှုချိန်များ နေ့လယ်ပိုင်း တိုးမြှင့်ကြည့်ရှုခြင်းကိုလည်း ပီပြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင် အားလုံးဆက်လက် ကြိုးစားပေးကြစေလိုပါကြောင်း၊ ယခင်က ခုတင်(၁၀၀)နှင့်အထက် ပြည်သူ့ဆေးရုံများ၌သာ အထူးကု ဆရာဝန်များ တာဝန်ချထားနိုင်ရာမှ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံများအထိ အထူးကုဆရာဝန်များ ဖြည့်ဆည်းနိုင်ရေးအတွက် ဘွဲ့လွန်ဆေးပညာသင်ကြားရေးလုပ်ငန်းများကို ညှိနှိုင်းအားဖြည့် ဆောင်ရွက်လျက်ရှိပြီး ပါမောက္ခ၊ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများအနေဖြင့် ခေါင်းဆောင် ကောင်းပီသစွာဖြင့် မျိုးဆက်သစ်ဆရာဝန်များကို ခံယူချက်မှန်ကန်၍ အရည်အသွေးပြည့်ဝသော ဆရာဝန်ကောင်းများဖြစ်စေရေးအတွက် အလေးအနက်ထားကာ လေ့ကျင့်ပေးစေလိုပါကြောင်း၊ ဆေးကုသရေးလုပ်ငန်းများ ဟန်ချက်ညီညီ ဆက်လက်တိုးတက်စေရေးအတွက် စုပေါင်းအင်အားဖြင့် ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။
           ထို့နောက် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ဆေးရုံလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဆေးရုံအုပ်ကြီး၊ ပါမောက္ခချုပ်၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။