ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံကြီးများ ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်

     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်(၁)-ရန်ကုန် ပါမောက္ခချုပ်၊ ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိ သူများလိုက်ပါလျက် ၂၀၂၄-ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံကြီးများသို့ သွားရောက်ကာ ဆေးရုံလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ကလေးဆေးရုံကြီး-ရန်ကုန်သို့ ရောက်ရှိကာ ဆေးကုသဆောင်၊ ကလေးခွဲစိတ်ကုသဆောင်၊ မွေးကင်းစကလေးကုသဆောင်၊ အထူးကြပ်မတ်ကုသဆောင်နှင့် ကလေးအရိုးကုသဆောင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများက ကုသရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား တင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ဌာနရန်ပုံငွေဖြင့် ဝယ်ယူ ထောက်ပံ့ထားရှိသည့် ဆေးဝါးများ ရရှိသုံးစွဲမှု အခြေအနေ၊ နိုင်ငံတော်အစီအစဉ်ဖြင့် ရောဂါ ရှာဖွေရေး၊ ဓာတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်ပေးနိုင်မှု၊ လိုအပ်သောကုသမှုများရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် အထူးကုပြင်ပလူနာဌာန ဖွင့်လှစ်ဆောင်ရွက်နိုင်မှုတို့အား စစ်ဆေးကာ လူနာများ နေရာကျယ်ဝန်းစွာ ကုသမှုခံယူနိုင်ရေးအတွက် ဖျားနာဆောင်တိုးချဲ့ဖွင့်လှစ်ရန်နှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ အားဖြည့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးအထူးအဖွဲ့-၁ မှ တာဝန်ယူဆောက်လုပ်ခဲ့သော တိုးချဲ့(၆)ထပ်ကုသဆောင်သစ်အား လှည့်လည်ကြည့်ရှုကာ အမြန်ဆုံး လွှဲပြောင်း/လက်ခံ ဆောင်ရွက်ရန်နှင့် အတွင်းလူနာထားရှိကုသနိုင်ရေး လိုအပ်သည်များ ပြင်ဆင်ထားရှိရန် မှာကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် မျက်စိရောဂါအထူးကု ဆေးရုံကြီး၊ ရန်ကုန်သို့ ရောက်ရှိကာ မြေညီထပ်ရှိ ပြင်ပလူနာဌာန၊ အရေးပေါ်ဌာန၊ ဓါတ်ခွဲခန်း၊ ဓါတ်မှန်ခန်း၊ ရေတိမ်ရောဂါအထူးကုစမ်းသပ်ခန်း၊ မျက်စိရောဂါအထူးစမ်းသပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှုခံယူနိုင်မှုအခြေအနေကို လူနာများအားမေးမြန်းကာ ဌာန အစီအစဉ်ဖြင့် ဆေးဝါးများပံ့ပိုးထားရှိမှု၊ ရောဂါရှာဖွေရေးလုပ်ငန်း စီစဉ်ဆောင်ရွက်ပေးနေမှု၊ လူနာများအနေဖြင့် ကျန်းမာရေးကုန်ကျစရိတ် စိုက်ထုတ်သုံးစွဲရမှုလျှော့ချနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုတို့အား အသိပေးပြောကြားကာ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပိုမိုပံ့ပိုးဆောင်ရွက်နိုင်ရေး မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပထမထပ်ရှိ ကလေးမျက်စိ ရောဂါဆိုင်ရာမျက်စိအထူးစမ်းသပ်ခန်း၊ မြင်လွှာနှင့်မျက်စိအထူးစမ်းသပ်ခန်း၊ မျက်ခွံ၊ မျက်ရည်လမ်းကြောင်း၊ မျက်လုံးအိမ်ပိုင်းဆိုင်ရာမျက်စိအထူး စမ်းသပ်ခန်း ၊ မျက်ကြည်လွှာဆိုင်ရာ မျက်စိအထူးစမ်းသပ်ခန်း၊ လေဆာခန်း၊ ဒုတိယထပ်ရှိ အမျိုးသမီးဆောင်၊ သီးသန့်လူနာခန်းများနှင့် တတိယထပ်ရှိ ရန်ကုန်အမျိုးသား မျက်စိဘဏ်တို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ရန်ကုန်အမျိုးသားမျက်စိဘဏ် မျက်ကြည်လွှာလှူဒါန်းမှုပိုမိုရရှိရေး ဆောင်ရွက်ထားမှုအခြေအနေများ၊ မျက်စိခွဲစိတ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့အား ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ရန်၊ မျက်တွင်းမှန်ဘီလူးများ ပိုမိုထောက်ပံ့နိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့သို့ ရောက်ရှိကာ လူနာဆောင်များ၊ ခွဲစိတ်ခန်း၊ ပြင်ပလူနာဌာနများသို့ လှည့်လည်ကြည့်ရှုပြီး အစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီးအပါအဝင် တာဝန်ကျ အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံကာ ဆေးရုံဥပဓိရုပ်ကောင်းမွန်ရေးနှင့် ဆေးရုံသုံး ပစ္စည်းများ သပ်ရပ်တင့်တယ်စေရေး လိုအပ်သော ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန်၊ ပြင်ပလူနာကြည့်ရှုကုသမှု ပိုမိုအားဖြည့်ဆောင်ရွက်ရန်မှာကြားပြီး တင်ပြချက်များအား ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။