နေပြည်တော်၊ မေလ ၇
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၄ ခုနှစ်၊ မေလ (၇)ရက်နေ့၊ ယနေ့နေ့လယ်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC)မှ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့်အဖွဲ့အား နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC တို့အကြား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများပူးပေါင်းဆောင်ရွက်လျက် ရှိသည့်ကိစ္စရပ်များ၊ ခြေတုလက်တုထုတ်လုပ်ရေးနှင့် တပ်ဆင်ရေးအလုပ်ရုံများ အဆင့်မြှင့်တင်ရေးနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ကျွမ်းကျင်ပညာရှင်များမွေးထုတ်နိုင်ရေး အသိပညာဖလှယ်ခြင်းနှင့် သင်တန်းပို့ချရေးဆိုင်ရာ ကိစ္စရပ်များ၊ ICRCမှ မြန်မာနိုင်ငံအတွင်းဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဝန်ကြီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
