နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ မေလ ၁၉ ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန၊ ပါမောက္ခချုပ်(ဆေးရုံအုပ်ကြီး/ကုသရေး)၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ၂၀၂၄ ခုနှစ်၊ မေလ ၁၉ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံ-တိုက်ကြီးမြို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ လိုက်ပါလျက် ဆောက်လုပ်ရေးအထူးအဖွဲ့(၂)မှ တာဝန်ယူဆောက်လုပ်နေသည့် တိုးချဲ့(၂)ထပ်လူနာဆောင်သစ် အဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်ခွဲခန်း၊ ဓာတ်မှန်ဆောင်၊ သွားနှင့်ခံတွင်း ဌာန၊ ခွဲစိတ်ခန်း၊ ဆေးကုသဆောင်နှင့် ဆေးသိုလှောင်ခန်းများကို လှည့်လည်ကြည့်ရှုခဲ့ရာ ဆေးသိုလှောင်ခန်းတွင် နိုင်ငံတော်၏ ပံ့ပိုးမှုဖြင့် ဖြည့်ဆည်းထားရှိသော ဆေးဝါးများအား လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ အကျိုးရှိစွာ ကုသမှုပေးနိုင်ရေးအတွက် အသေးစိတ်ကြည့်ရှုခဲ့ပြီးနောက် ပြည်သူ့ဆေးရုံ၊ တိုက်ကြီးမြို့ အစည်းအဝေးခန်းမတွင် တိုက်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံ၍ မိခင်နှင့်ကလေးသေဆုံးနှုန်း ကျဆင်းရေးကို အလေးထားဆောင်ရွက်ရန်၊ ရွှေ့ပြောင်း လုပ်သားများ စုဝေးနေထိုင်ရာ နေရာများရှိ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကို လစ်ဟင်းမှုမရှိစေရန်အတွက် အထူးစီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကာကွယ်ဆေးထိုးလုပ်ငန်းများကို လွှမ်းခြုံမှုအားကောင်း စေရေးနှင့် ကိုယ်ဝန်ဆောင်များ ပြည်သူ့ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် မွေးဖွားနိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်၊ ပြည်သူလူထု စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်စေရန်နှင့် နိုင်ငံတော်အစိုးရမှ ပံ့ပိုးမှုများအား ပြည်သူလူထု တိုက်ရိုက်ခံစားရရှိစေရန် စေတနာထား ကြိုးစားဆောင်ရွက်ရန်၊ ပြည်သူများ အကျိုးအတွက် ဆေးကုသရေးလုပ်ငန်းများ ယခုထက်ပိုမို တိုးတက်စေရေး ဆောင်ရွက်ပေးရန် မှာကြားပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
