နေပြည်တော်၊ မေလ (၂၃) ရက်
ယနေ့ ၂၃-၅-၂၀၂၄ ရက်နေ့ နေလယ်ပိုင်းတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် Semi Virtual Meeting ဖြင့်ပြုလုပ်သော ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ သူနာပြု/သားဖွားနှီးနွှယ်သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး/ ကျောင်းအုပ်များ ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ခဲ့ရာတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန လက်အောက်ရှိ သူနာပြု၊သားဖွားနှီးနွှယ် သင်တန်းကျောင်း စုစုပေါင်း (၅၃)ကျောင်းတို့မှ သူနာပြု၊သားဖွားများ မွေးထုတ်ပေးလျှက်ရှိရာ သူနာပြု/သားဖွား ပညာရေးကို ပြည်တွင်းရော ပြည်ပ၌ပါ မြှင့်တင် ပေးလျက်ရှိပါကြောင်း၊ သင်ကြားရေးအပိုင်းမှလည်း နိုင်ငံတော်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်နှင့်အညီ အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝရုံမျှမက မိမိတို့ လိုက်နာရမည့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်ကြံသော ခံယူချက်ကောင်းသည့် သူနာပြု/ သားဖွားများမွေးထုတ်နိုင်ရေး သင်တန်းကာလကပင် လေ့ကျင့်ပျိုးထောင်ပေးရန်အရေးကြီးကြောင်း၊ ယခု ညှိနှိုင်းအစည်းအဝေးမှာ သင်ကြားရေးပိုင်းနှင့် ပတ်သက်၍ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများဖြင့် စာတွေ့/လက်တွေ့ သင်ကြားရာတွင် သင်ကြားပုံစနစ်များ၊ သင်ကြားရေး အထောက်အကူပြုပစ္စည်းများ၊ Skill Lab များ အတွက်လိုအပ်ချက်များ၊ စာကြည့်တိုက်တွင်ထားရှိရန် လိုအပ်သော ခေတ်မီစာအုပ်များ၊ Internet Access များ မှတ်တမ်းများ သင်ကြားရေးပတ်ဝန်းကျင်၊ သင်ကြားပေးရသည့် အချိန်နှင့်နေရာတို့အပေါ် တွေ့ကြုံနေရသည့် အခက်အခဲများ၊ အားသာချက်/ အားနည်းချက်များကိုလည်းကောင်း၊ သင်တန်းကျောင်း အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲရေးနှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ဆောင်ရွက်နေသူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း မိမိတို့တွေ့ကြုံခဲ့ရသည့်၊ အတွေ့အကြုံများ၊ အခက်အခဲများကို အချင်းချင်းမျှဝေနိုင်ရန်နဲ့ပိုမိုကောင်းမွန်တဲ့ရလာဒ်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ပွင့်ပွင့်လင်းလင်းနှင့် တက်တက်ကြွကြွဆွေးနွေးကြရန်လိုကြောင်း၊ နိုင်ငံတော်မှ သင်တန်းသား/သူများအတွက် တိုးမြှင့်ထောက်ပံ့ပေးလျက်ရှိပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှလည်း မိမိတို့ဒေသရှိ သင်တန်းကျောင်းများနှင့် သင်တန်းသား/သူများ အား အမြဲပံ့ပိုး ကူညီထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အပေါ် သစ္စာရှိရှိ၊ တာဝန်သိသိဖြင့် တာဝန်ထမ်းဆောင်နေသော သူနာပြု/သားဖွားများနှင့် ဝန်ထမ်းများ အားလုံးကို ဂုဏ်ယူမှတ်တမ်းတင်ပါကြောင်းနှင့် သူနာပြုသားဖွားသင်တန်းသား/သူများ အားကျ ဂုဏ်ယူထိုက်စွာ ဆရာကောင်းများ၊ စံနမူနာပြဆရာကောင်းများအဖြစ် ရေရှည်တည်တံ့စေလိုပါ ကြောင်းမှာကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီမှပေးအပ်သည့် သူနာပြုသားဖွားပညာရေး အရည်အသွေး စံချိန်စံညွှန်းအာမခံမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ရရှိသော သူနာပြု/သားဖွားသင်တန်းကျောင်းများကို အသိအမှတ်ပြုလက်မှတ်များချီးမြှင့်ပေးခြင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ဖွင့်လှစ်သည့် အရာထမ်းငယ်သင်တန်းအမှတ်စဉ် (၁၂၅)တွင် သင်တန်းသူစံပြဆုရရှိခဲ့သည့် နည်းပြ အားဆုချီးမြှင့်ပေးခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် တိုင်းဒေသကြီး/ ပြည်နယ်များမှ ဂုဏ်ထူးဆောင်ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ကျောင်းအုပ်ကြီးများ/ ကျောင်းအုပ်များ (၈၇)ဦးနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၁၃၀) ဦးခန့် တက်ရောက် ခဲ့ပြီး (၂)ရက်တာကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
