ဆေးပညာသင်ကြားရေးဒီပလိုမာ (DIPLOMA IN MEDICAL EDUCATION) ဘွဲ့လွန်သင်တန်း အမှတ်စဉ် (၁၈) ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့

     ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွယ်တက္ကသိုလ်များတွင် သင်ကြားရေးတာဝန်ထမ်းဆောင်နေသူ ကထိက/ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အထက်အဆင့်ရှိသူများအတွက် ရည်ရွယ်၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန မှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၃ ပညာသင်နှစ် ဆေးပညာသင်ကြားရေးဒီပလိုမာ (Diploma in Medical Education) Dip.Med.Ed ဘွဲ့လွန်သင်တန်းအမှတ်စဉ် (၁၈) ဖွင့်ပွဲအခမ်းအနားကို ပြည်သူ့ကျန်းမာရေး တက္ကသိုလ်၊ ရန်ကုန်တွင် မတ်လ(၂၂)ရက်၊ နံနက်(၈:၃၀) နာရီအချိန်၌ ကျင်းပခဲ့ရာ ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာတင်ထွန်း၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ Module Supervisor များ၊ သင်တန်းသို့ တက်ရောက်ရန် ရွေးချယ်ခံရသော သင်တန်းသား/သင်တန်းသူ (၃၇)ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ 

     ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် တက္ကသိုလ်များ၏ သင်ကြားရေးယူနစ်တွင် အမာခံအဖြစ် တာဝန်ယူဆောင်ရွက် ပေးနိုင်သူများ ဖြစ်စေရေးအတွက် (၂၀၀၂-၂၀၀၃) ပညာသင်နှစ်မှစ၍ တက္ကသိုလ်များ၏ သင်ကြားရေး တာဝန်များကို အချိန်ပြည့်(သို့မဟုတ်)အချိန်ပိုင်း တာဝန်ယူနေသူ ကထိကနှင့်အထက်အဆင့်ရှိသူ သင်ကြားရေးဆရာများအတွက် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်၊ ဆေးတက္ကသိုလ်၊ မန္တလေးနှင့် ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်တို့၌ ဆေးပညာသင်ကြားရေးဒီပလိုမာ (၉)လသင်တန်းကို စတင်ဖွင့်လှစ် ခဲ့ပြီး စတုတ္ထအကြိမ်အထိ ဘွဲ့ရရှိသူ (၁၂၂)ဦးကို မွေးထုတ်ခဲ့ပါကြောင်း၊ (၂၀၀၇) ခုနှစ်တွင် ဆေးပညာ သင်ကြားရေးဒီပလိုမာသင်တန်း ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ (၂၀၀၈)ခုနှစ်မှစ၍ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်၊ ရန်ကုန်တွင် ပဉ္စမအကြိမ် ဆေးပညာသင်ကြားရေးဒီပလိုမာသင်တန်း ဖွင့်လှစ်ခဲ့ပြီး (၁၇)ကြိမ်အထိ ဘွဲ့ရရှိသူ (၄၅၂)ဦး မွေးထုတ်နိုင်ခဲ့၍ ဆေးပညာသင်ကြားရေးဒီပလိုမာသင်တန်း ဘွဲ့ရရှိသူပညာရှင် စုစုပေါင်း (၅၇၄)ဦးကို မွေးထုတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ COVID-19 ရောဂါအခြေအနေ များကြောင့် (၂၀၂၁)ခုနှစ်နှင့် (၂၀၂၂)ခုနှစ်များတွင် ဆေးပညာသင်ကြားရေးဒီပလိုမာသင်တန်း ဖွင့်လှစ် နိုင်ခြင်းမရှိဘဲ ခေတ္တရပ်နားထားခဲ့ရပြီး ယခု (၂၀၂၃)ပညာသင်နှစ်တွင် ဆေးပညာသင်ကြားရေး ဒီပလိုမာသင်တန်းအမှတ်စဉ်(၁၈)အား သင်တန်းသားဦးရေ (၃၇)ဦးနှင့် ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

     ဆက်လက်၍ ဆရာကောင်းတစ်ယောက်ဖြစ်ရန် ကြိုးစားကြဖို့ လိုအပ်ပါကြောင်း၊ Professional Educator ကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ သင်ကြားရေးရာထူးတစ်ခု ခန့်အပ်ခံရရုံမျှနှင့် မဖြစ်နိုင်ပါ ကြောင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်တက်မြောက်မှုရှိရမည့်အပြင် Professional Educator ကောင်းတစ်ယောက် တတ်သင့်တတ်ထိုက်သော သင်ကြားသင်ယူမှု နည်းစနစ်များ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်း၊ စာမေးပွဲများစစ်ဆေးခြင်း၊ ခေါင်းဆောင်မှုပေးနိုင်ခြင်း စသည့် ပညာရပ်များ တတ်မြောက် ထားပြီး ဆရာတစ်ယောက်၏ ခံယူချက်၊ ဆရာ၏ ကျင့်ဝတ်များ မှန်ကန်စွာ လိုက်နာကျင့်သုံးမှသာ Professional Educator ကောင်းတစ်ယောက် ဖြစ်လာမည် ဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် ဆရာကောင်းတစ်ယောက် ဖြစ်လာစေရန် လိုအပ်သော Skills များ အားလုံးကို သင်ကြားပေးမည် ဖြစ်ပါကြောင်း၊ ယခု ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များတွင် Outcome Based Education ကို စတင်အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိပြီး ဆေးတက္ကသိုလ်များမှာ Outcome Based Integrated Curriculum ကို (၂၀၁၉)ခုနှစ်မှလည်းကောင်း၊ သူနာပြုတက္ကသိုလ်နှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများတွင် Outcome Based Curriculum ကို (၂၀၁၈)ခုနှစ်မှလည်းကောင်း စတင်ကျင့်သုံးလျက်ရှိပါကြောင်း၊ 

     သက်ဆိုင်ရာကောင်စီများထံမှ Accreditation ရရှိရေးအတွက် လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုးတက်ပြောင်းလဲလာသည့် ပညာရေးစနစ်များနှင့်အညီ Outcome Based Education ကို အခြေခံလျက် Learners Centered Learning principles, Education 4.0 တို့နှင့် လိုက်လျောညီထွေရှိစွာ ပြောင်းလဲအကောင်အထည်ဖော် ကျင့်သုံးရမည်ဖြစ်ပါ ကြောင်း၊ ထိုသို့ အကောင်အထည်ဖော်နိုင်ရေးအတွက် ယခုကဲ့သို့ ဆေးပညာသင်ကြားရေးဒီပလိုမာ သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းကာလ (၉) လအတွင်း Modules 10 ခုကို Workshop 4 ခုနှင့် Assignments များဖြင့် ဆေးတက္ကသိုလ်များနှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ Module Supervisor များမှ သင်ကြားပေးကြမှာဖြစ်ပါကြောင်း၊ Medical Education Principles များကို အခြေခံပြီး မိမိတို့ရဲ့ သက်ဆိုင်ရာတက္ကသိုလ်ဘာသာရပ်တွေမှ Critical Thinking, Creative Thinking, Analytical Thinking များဖြင့် ယခုပိုမိုကောင်းမွန်သော သင်ကြားသင်ယူမှု နည်းစနစ်များ ဖြင့် ထိရောက်စွာ လက်တွေ့အသုံးချနိုင်ရေး လေ့လာသင်ယူသွားကြရမှာဖြစ်ပါကြောင်း၊ Patient Safety နှင့် လိုအပ်သော Skills များ တက်မြောက်ရေး Deliberate Practice ရရှိရေးအတွက် Simulated Based Learning များ ပိုမိုအသုံးချရမည်ဖြစ်ပါကြောင်း၊ လိုအပ်သည့် Simulation များကို လည်း ဖြည့်ဆည်းပေးထားပြီးဖြစ်ပါကြောင်း၊ ထပ်မံလိုအပ်သည်များကိုလည်း ဆက်လက် ဖြည့်ဆည်း ပေးသွားမှာဖြစ်ပါကြောင်း၊ သင်တန်းမှပို့ချချက်များကို လက်တွေ့အသုံးချနိုင်ရန် စိတ်ပါဝင်စားစွာ လိုက်ပါဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာလှလှဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သူများနှင့် မှတ်တမ်းဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို နံနက် (၉:၃၀) နာရီတွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။အဆိုပါ ဆေးပညာသင်ကြားရေးဒီပလိုမာဘွဲ့လွန်သင်တန်း၏ ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို (၂၂-၃-၂၀၂၃) ရက်နေ့မှ (၂၄-၃-၂၀၂၃) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။