ကျန်းမာရေးဝန်ကြီးဌာန၊ မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်း၊ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားနှင့် နေပြည်တော် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၏ ပြင်ပလူနာဌာနခွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်-  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အမျိုးသားပရဆေးဥယျာဉ်အတွင်း  ဖွင့်လှစ် ထားရှိသည့် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၏  ပြင်ပလူနာဌာနခွဲကို ပြည်သူလူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်မှုပေးရာတွင် ပြည်သူတို့အနေဖြင့် ပိုမို၍ လက်လှမ်းမီရရှိစေရေး ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး အပတ်စဉ်  တနင်္လာနေ့ မှ သောကြာနေ့အထိ အစိုးရရုံးဖွင့်ရက်များတွင်  နံနက် (၈)နာရီမှ ညနေ(၄:၃၀) နာရီအထိ ဖွင့်လှစ်ကုသပေးမည်ဖြစ်ပြီး မည်သူမဆို လာရောက် ကုသမှုခံယူနိုင်မည် ဖြစ်သည်။” 

     ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေး၊ သစ်ပင် စိုက်ပျိုးခြင်း၊ သစ်တော ပြုစုထိန်းသိမ်းခြင်းလုပ်ငန်များကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက သိရှိ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေရေးနှင့် နေပြည်တော်သည် နိုင်ငံ၏ မြို့တော်ဖြစ်သည်နှင့်အညီ စိမ်းလန်းစိုပြည်သာယာ လှပ၍ လူနေမှုအဆင့်အတန်း မြင့်မားကာ နိုင်ငံတကာအဆင့်မီ Green City၊ Clean City  ဖြစ်စေရေးတို့ကို အထောက်အကူပြုသည့်အနေဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်း အနားကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နှစ်စဉ် ဆောင်ရွက်လျက်ရှိပါသည်။

     ၂၀၂၃ ခုနှစ်၊ ကျန်းမာရေးဝန်ကြီးဌာန၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီးဘေး မြေဧရိယာ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့်ဇနီး၊ ဒုတိယ ဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအရာရှိကြီးများနှင့် အရာထမ်း၊ အမှုထမ်း (၅၀၀) ဦး တက်ရောက်ကြသည်။

       ထိုသို့ စိုက်ပျိုးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးတို့က ရတနာတန်းဝင် ကျွန်းပင်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအရာရှိကြီးများနှင့် အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်းပင် (၁၅၀) အပါအဝင် တည်ပင်(၄၀)၊ သစ်ဆိမ့်ပင် (၃၅)၊ ပုတီးဖြူပင်(၄၅)၊ ပိန္နဲပင် (၃၀)၊ ခရေပင် (၃၀)၊ ဆီသပြေပင်(၄၀)၊ ကံ့ကော်ပင် (၃၀)၊ သစ်ကြပိုးပင် (၃၀)၊ စုစုပေါင်းသစ်ပင် (၄၃၀)ပင် တို့ကို စိုက်ပျိုး ပေးကြသည်။ အဆိုပါ ဝန်ထမ်းများ၏ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ က လှည့်လည်ကြည့်ရှုအားပေးကြသည်။

     ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန၏ မိုးရာသီ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ဇမ္ဗူသီရိ မြို့နယ်၊ ဇမ္ဗူကျက်သရေလမ်းရှိ မင်္ဂလာကန်၌ ကျင်းပရာ ဦးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ငါးမျိုးများကို မင်္ဂလာကန်အတွင်းသို့ စိုက်ထည့်ပေးခဲ့ပြီး ဆက်လက်၍ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအရာရှိကြီးများနှင့် အရာထမ်း၊ အမှုထမ်း (၂၀၀) ဦးတို့က ငါးလုပ်ငန်းဦးစီးဌာနက ပံ့ပိုးသည့် ငါးသားပေါက်အကောင်ရေ စုစုပေါင်း (၃၀၀၀၀) ကို မင်္ဂလာကန်အတွင်းသို့ စိုက်ထည့်ခဲ့ကြသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ အမျိုးသားပရဆေးဥယျာဉ်၌ နေပြည်တော် ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၏ ပြင်ပလူနာဌာနခွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးတို့က ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဧည့်သည်တော် များသည် ပြင်ပလူနာဌာနခွဲအတွင်းရှိ လူနာမှတ်ပုံတင်ဌာန၊ လူနာစမ်းသပ်ခန်းနှင့် လူနာကုသခန်း တို့အား လှည့်လည်ကြည့်ရှုပြီး လူနာများအား တိုင်းရင်းဆေးပညာဖြင့် ဆေးအဆီလိမ်း၍ ကြပ်ထုပ်ထိုး ကုသနေခြင်းကို ကြည့်ရှုအားပေးသည်။ ဆက်လက်၍ တိုင်းရင်းဆေးပညာဦးစီးဌာနက သိပ္ပံနည်းကျ သုတေသနပြုလုပ်၍ ထုတ်လုပ်ထားရှိသော ကိုဗစ်-၁၉ ရောဂါ အပါအဝင် တုပ်ကွေးရောဂါများကို သက်သာပျောက်ကင်းစေနိုင်သည့် ဆေးခါးကြီး ပါဝင်သော ဝိသမအဖျားပျောက်ဆေးဖြင့် လူနာများကို အောင်မြင်စွာ ကုသပေးနိုင်မှုအခြေအနေများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဝိသမအဖျား ပျောက်ဆေးအား ကိုဗစ်-၁၉ ရောဂါအတွက်သာမက အခြားရာသီတုပ်ကွေးရောဂါများကို ကုသရာတွင် ပါ အသုံးပြုနိုင်ရေး၊ ပြည်သူများအနေဖြင့် ဆေး၏ ကောင်းကျိုးအာနိသင်များကို သိရှိနိုင်ရေးနှင့် ဆေးကို ကျယ်ပြန့်စွာ ထုတ်လုပ်အသုံးပြုနိုင်ရေး လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယခင်နှစ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်တွင် အမျိုးသားပရဆေးဥယျာဉ်၌ ကျန်းမာရေးဝန်ကြီးဌာနက စိုက်ပျိုးခဲ့သည့် ပရဆေးပင်များဖြစ်သည့် ကံ့ကော်ပင်၊ ကရမက်ပင်၊ သရဖီပင်နှင့် စကားဝါပင် စသည်တို့၏ ရှင်သန်ဖြစ်ထွန်းစွာ ပေါက်ပွားနေမှု ကို လှည့်လည်ကြည့်ရှုပြီး ဥယျာဉ်အတွင်း စိုက်ပျိုးထားသည့် ဆေးခါးကြီးပင် စိုက်ခင်းကို ကြည့်ရှုသည်။

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အမျိုးသားပရဆေးဥယျာဉ်အတွင်း ယနေ့တွင် ဖွင့်လှစ် ထားရှိသည့် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၏  ပြင်ပလူနာဌာနခွဲကို ပြည်သူလူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်မှုပေးရာတွင် ပြည်သူတို့အနေဖြင့် ပိုမို၍ လက်လှမ်းမီရရှိစေရေး ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး အပတ်စဉ်  တနင်္လာနေ့ မှ သောကြာနေ့အထိ အစိုးရရုံးဖွင့်ရက်များတွင်  နံနက် (၈)နာရီမှ ညနေ(၄:၃၀) နာရီအထိ ဖွင့်လှစ်ကုသပေးမည်ဖြစ်ပြီး မည်သူမဆို လာရောက် ကုသမှုခံယူနိုင်မည် ဖြစ်ပါသည်။

     အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥက္က၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္က၊ တိုင်းရင်းဆေး ဆရာကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြကြောင်း သိရသည်။