နေပြည်တော်၊ (၂၀၂၃) ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့
၂၀၁၉-၂၀၂၂ ခုနှစ်များအတွက် အမျိုးသားကျန်းမာရေးအသုံးစရိတ် (National Health Account) ဆိုင်ရာအချက်အလက်များ ဆန်းစစ်သုံးသပ်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၄)၊ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပါမောက္ခ ဒေါက်တာအေးထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင်-
- အမျိုးသားကျန်းမာရေးအသုံးစရိတ် တွက်ချက်ခြင်းသည် ကျန်းမာရေးဘဏ္ဍာငွေ ခွဲဝေခြင်း ဆိုင်ရာ မူဝါဒများချမှတ်ရာမှာ အရေးကြီးသော အခန်းကဏ္ဍမှ ပါ၀င်လျက်ရှိပါကြောင်း၊
- အမျိုးသား ကျန်းမာရေးအသုံးစရိတ် တွက်ချက်ခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ၁၉၉၈ ခုနှစ်မှ စတင်၍ ရေးဆွဲပြုစုခဲ့ရာ ၂၀၁၈ ခုနှစ်အထိ ထုတ်ပြန်ခဲ့ပြီးဖြစ်ပြီး အဆိုပါ အချက်အလက်များကို ဖတ်ရှုလေ့လာနိုင်ပါကြောင်း၊
- အမျိုးသား ကျန်းမာရေးအသုံးစရိတ် ပြုစုရေးဆွဲခြင်းအား (၂)နှစ် တစ်ကြိမ် ရေးဆွဲပြုစုခဲ့ သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် ပြုစုရေးဆွဲနိုင်ခြင်းမရှိခဲ့ပဲ ယခုနှစ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အထိ (၄) နှစ်စာ အချက်အလက်များအား ကောက်ယူ၍ ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊
- အမျိုးသား ကျန်းမာရေးအသုံးစရိတ်များ ရေးဆွဲပြုစုရာတွင် ကမ္ဘာတစ်ဝှန်းမှ နိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာနိုင်ရေး နည်းပညာ တပြေးညီဖြစ်စေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နည်းပညာ များဖြင့် တွက်ချက်ပြုစုမှာ ဖြစ်ပါကြောင်း၊
- အမျိုးသား ကျန်းမာရေးအသုံးစရိတ်များ တွက်ချက်ရာတွင် နိုင်ငံတော်အစိုးရဘက်ဂျက်မှ ကျန်းမာရေးအသုံးစရိတ်များသာမက နိုင်ငံတကာမှ ကူညီထောက်ပံ့လျက်ရှိသော ပြည်ပ အကူအညီအထောက်အပံ့များ၊ လူမှုဖူလုံရေးအဖွဲ့၏ ကျန်းမာရေးအသုံးစရိတ်များ၊ ပြည်သူ လူထု၏ ကိုယ်ပိုင်ငွေကြေးဖြင့် အိတ်စိုက်ကျခံရသော ကျန်းမာရေးအသုံးစရိတ်များကို တွက်ချက်လေ့လာမှာ ဖြစ်ပါကြောင်း၊
- အစိုးရကျန်းမာရေး အသုံးစရိတ် (Government Health expenditures) ဆိုရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ အသုံးစရိတ်များသာမက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ သော နှီးနွယ်ဝန်ကြီးဌာနအသီးသီးတို့မှ ကျန်းမာရေးအသုံးစရိတ်ဆိုင်ရာ အချက်အလက်များပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သည့်အတွက် အချက်အလက်များ ရရှိရေးမှာ အရေးကြီးပါ ကြောင်း၊
- ၄င်းအသုံးစရိတ်များအားလေ့လာခြင်းဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်တခုလုံးတွင် အသုံးစရိတ်များအား မည်သည့်နေရာမှ ရရှိ၍ မည်သို့သုံးစွဲနေသည်ကို လေ့လာနိုင်မှာ ဖြစ်ပါ ကြောင်း၊
- ယခု ဆောင်ရွက်လျက်ရှိသော အမျိုးသား ကျန်းမာရေးအသုံးစရိတ် စစ်တမ်းများမှ အချက်အလက်များအား ဆန်းစစ်သုံးသပ်၍ လိုအပ်သော နေရာများတွင် ဘဏ္ဍာငွေ ခွဲဝေချ ထားခြင်းများအား စနစ်တကျ ဆောင်ရွက်နိုင်မည့်အပြင် ပြည်သူများ ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်၍ ဆေးကုသရခြင်း အခြေအနေများ လျှော့ချရန်အတွက် ရှင်းလင်းတိကျသည့် ကျန်းမာရေးဘဏ္ဍာဆိုင်ရာ မဟာဗျူဟာများကိုလည်း အမြန်ဆုံးဖော်ထုတ် အကောင်အထည် ဖော်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း၊
- တိကျမှန်ကန်သော ကျန်းမာရေးအသုံးစရိတ်များ ကောက်ခံရရှိနိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွယ်ဝန်ကြီးဌာနများနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီ (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး) တို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
