ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း သားဖွားသင်တန်းကျောင်း (ပြင်ဦးလွင်) သို့ သွားရောက်စစ်ဆေး

နေပြည်တော် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းသည် (၁.၁၀.၂၀၂၃)ရက် တနင်္ဂနွေနေ့ ညနေ (၁၇:၀၀) အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ သားဖွားသင်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်၊ သင်ကြားရေး ဆရာများ၊ ဝန်ထမ်းများ၊ သင်တန်းသူများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါသည်။

    ထို့နောက် သားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်) ကို လှည့်လည်ကြည့်ရှုပြီး သင်တန်းကျောင်း သန့်ရှင်းသာယာ လှပသည်ကို တွေ့ရှိရသည့်အတွက် ကျေနပ်မှုရှိပါကြောင်း၊ ထိုသို့ အစဉ်အမြဲ သန့်ရှင်းသပ်ရပ် လှပနေစေရန် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သင်တန်းသူများ စည်းကမ်း တကျ ရှိသည်ကို တွေ့ရှိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ သင်တန်းစည်းမျဉ်းစည်းကမ်းများကို အစဉ်လိုက်နာ၍ သားဖွားကျင့်ဝတ်နှင့်အညီ ပြုမူ၊ နေထိုင်၊ ပြောဆို ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ခေတ်နှင့်လျော်ညီစွာ ရေးဆွဲထားသည့် ဘက်စုံသားဖွားဒီပလိုမာ သင်ရိုးညွှန်းတမ်း အသစ် နှင့် လိုက်လျော ညီထွေဖြစ်အောင် ကြိုးစားဆောင်ရွက်ပြီး၊ မိမိတို့၏ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ကျွမ်းကျင်မှု အရည်အသွေး ပြည့်ဝရုံသာမက ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းလိုက်နာသည့် သားဖွားဆရာမကောင်း များ လေ့ကျင့်မွေးထုတ် ပေးစေလိုကြောင်း၊ သားဖွားအတတ်ပညာသည် လွန်စွာမှ တန်းဖိုးရှိပြီး ဂုဏ်ယူစရာဖြစ်ပါကြောင်း၊ မိခင်ကိုယ်ဝန်ဆောင်သည်မှ ကလေးမွေးဖွားပြီးသည်ထိ ကာကွယ်ခြင်း ဆိုင်ရာ ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာများကို တာဝန်ယူ ဆောင်ရွက်ရတာဖြစ်ကြောင်း၊ ဒါပြင် နိုင်ငံတော် အတွက် အားထားရမည့် နိုင်ငံ့သားကောင်း ရင်သွေးရတနာလေးများ ကျန်းမာသန်စွမ်းစွာ မွေးဖွားပေး နိုင်ရန် မိခင်နှင့်ကလေး အသက် နှစ်သက်လုံးကို ပြုစုစောင့်ရှောက်ရသည့် အသက်မွေးဝမ်းကျောင်း ပညာရပ် ဖြစ်ပါကြောင်း၊ ပြည်သူကို အလုပ်အကျွေးပြုနိုင်သော သားဖွားဆရာမ ကောင်းများဖြစ်အောင် ကြိုးစား ကြစေလိုကြောင်း၊ သားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်) မှ သင်ကြားရေးဆရာများ နှင့် ဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့၏ သင်တန်းကျောင်း တိုးတက်အောင်မြင် စေရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ရန် ကြိုးစားကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး ယင်းနေ့ ညနေ (၁၈:၄၅) တွင် သားဖွား သင်တန်းကျောင်း(ပြင်ဦးလွင်မြို့)မှ ပြန်လည် ထွက်ခွာကြောင်း သတင်းရရှိပါသည်။