နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြု/ သားဖွား/ နှီးနွှယ် သင်တန်းကျောင်းများတွင် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်းအတွက် တစ်ပြိုင်နက်တည်း ကျင်းပနေသည့် နောက်ဆုံးနှစ်ဒီပလိုမာလက်မှတ်ရစာမေးပွဲ (National Comprehensive Examination) ကျင်းပစစ်ဆေးနေမှုကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် တာဝန်ရှိသူများမှ နေပြည်တော်ကောင်စီနယ်မြေရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း စာစစ်ဌာနသို့ (၆.၁၀.၂၀၂၃)ရက် ၊သောကြာနေ့၊ နံနက်(၉:၀၀)တွင်သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း နောက်ဆုံးနှစ် ဒီပလိုမာ လက်မှတ်ရ စာမေးပွဲသို့ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဝင်ရောက်ဖြေဆိုသူသင်တန်းသား/သူ(၁၈၃၅)ဦးရှိပြီး၊ နေပြည်တော် ကောင်စီနယ်မြေ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း စာစစ်ဌာနတွင် ဖြေဆိုနေသူ (၁၀၉)ဦးတို့အား ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် တာဝန်ရှိသူ များမှ စနစ်တကျ ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုခဲ့ပါသည်။
အဆိုပါ သင်တန်းသား/သူများသည် (၂၀၁၈-၂၀၁၉) ပညာသင်နှစ် အတန်း တွင် စတင်တက်ရောက် သင်ကြားနေကြသူများဖြစ်ပြီး၊ ယခုကျင်းပသည့် Comprehensive Examination တွင် သူနာပြု-သားဖွား တစ်ဦး မဖြစ်မနေ ပြည့်စုံရမည့် အရည်အချင်းများ ပြည့်ဝရန် လိုအပ်သည့် အဓိက သူနာပြု-သားဖွား ပညာရပ်ဆိုင်ရာ ဘာသာရပ်များ ဖြစ်သည့် မိခင်နှင့်ကလေးကျန်းမာရေးသူနာပြုစုမှုပညာ၊ လူကြီး ကျန်းမာရေးသူနာပြုစုမှုပညာ၊ ပြည်သူ့ကျန်းမာရေးသူနာပြုစုမှုပညာ၊ စိတ်ကျန်းမာရေးသူနာပြုစုမှုပညာ၊ နှင့် သူနာပြုစုမှုဆိုင်ရာကျင့်ဝတ်နှင့်ဥပဒေများ၊ သူနာပြုစီမံခန့်ခွဲမှုနှင့် သူနာပြုသုတေသနပညာ စသည့် ဘာသာရပ်များ ပါဝင်ပါကြောင်း၊ ရေးဖြေစာမေးပွဲကို (၂-၁၀-၂၀၂၃)ရက်နေ့မှ (၆-၁၀-၂၀၂၃)ရက်နေ့အထိ လည်းကောင်း၊ လက်တွေ့နှုတ်ဖြေ စာမေးပွဲကို (၉-၁၀-၂၀၂၃)ရက်နေ့မှ (၁၁-၁၀-၂၀၂၃)ရက်နေ့အထိ လည်းကောင်း ကျင်းပစစ်ဆေးလျက်ရှိပြီး စာမေးပွဲ ဖြေဆိုအောင်မြင်သူများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆေးရုံများ၊ ကျန်းမာရေးဌာနများသို့ ချက်ချင်း ဝင်ရောက် တာဝန် ထမ်းဆောင်ပြီး ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု အရည်အချင်းပြည့်ဝစွာ ပေးနိုင်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
