နေပြည်တော်၊ (၂၀၂၃)ခုနှစ်၊ဒီဇင်ဘာ (၂၂)ရက်
(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ နှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပလျက်ရှိရာ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲဒုတိယနေ့အစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အားပေးပါသည်။ အစီအစဉ်အရ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲဖွင့်ပွဲ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ဆောင်ရွက်ပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများ၊ ညီလာခံနှင့်နှီးနှောဖလှယ်ပွဲ ကျင်းပရေးကော်မတီဝင်များ၊ ဆပ်ကော်မတီ ဝင်များ၊ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပါသည်။
နှီးနှောဖလှယ်ပွဲနံနက်ပိုင်းတွင် ဆေးဝါးတက္ကသိုလ်မှ ပါမောက္ခချုပ်(ငြိမ်း)၊ ပါမောက္ခ ဒေါက်တာ စန်းစန်းနွဲ့က သဘာပတိအဖြစ်ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်း(ဗဟို) ဥက္ကဌ၊ ဦးစိုးဝင်းနှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင် ပါမောက္ခ ဦးအောင်ကျော်မင်းတို့က ဆောင်ရွက်ကြပြီး မန္တလေးတိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ပါမောက္ခဦးဝင်းစိုးက “ကိုယ်တွေ့အာယုဗ္ဗေဒ ကုထုံးများလာ လိုတိုင်းရအပူကျဆေးကို စာပေသုတေသန အမြင်ဖြင့် လေ့လာခြင်း”၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမှ ညီလာခံကိုယ်စားလှယ် ဦးမင်းဟန်နှင့်အဖွဲ့က “အာခါရိုးရာတိုင်းရင်းသားတို့၏ ကျန်းမာရေး ဆိုင်ရာရိုးရာဓလေ့များနှင့် ကြီးရွှေကုသမှုကို လေ့လာခြင်း”၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ညီလာခံ ကိုယ်စားလှယ် ဒေါ်ကေသီမာက “သတ္တုအကြောင်းသိကောင်းစရာ”၊ မကွေးတိုင်းဒေသကြီးမှ ကိုယ်စားလှယ် ဒေါ်မြင့်မြင့်ကြည်က “ ဆီးဖြူနှင့် ရသာယနသတ္တိ ”၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်နေနေနိုင်ရည်က “ဝိဇ္ဇာဓရနယ ဆေးပညာရပ်၌အကျုံးဝင်သည့် နဝရတ်ကိုးပါး၏ ဂုဏ်စွမ်းအား များသည် လူသားတို့၏ လောကီရေးရာနှင့် ကျန်းမာရေးအတွက် တိုက်ရိုက်ဆက်စပ် အကျိုးကျေးဇူး ရှိနေခြင်းကို တိုင်းရင်းဆေးပညာနှင့် ယှဉ်တွဲပြီး စာပေအထောက်အထားများအရ လေ့လာတင်ပြခြင်း” အား ဖော်ထုတ်လေ့လာခြင်း” စာတမ်းများ ဖတ်ကြားကြသည်။
မွန်းလွဲပိုင်းတွင် နှီးနှောဖလှယ်ပွဲ ဒုတိယပိုင်း အစီအစဉ်များကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနာယက ဦးမြင့်လွင်က သဘာပတိအဖြစ်ဆောင်ရွက်ကာ သဘာပတိ အဖွဲ့ဝင်များအဖြစ် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ သိန်းဇော်လင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းညွန့်တို့က ဆောင်ရွက်ပြီး ပဲခူးတိုင်း ဒေသကြီးမှ ဒေါ်ခင်မျိုးဆွေနှင့်အဖွဲ့က “ငန်းဖျားရောဂါအားလေ့လာခြင်း” စာတမ်း၊ ရန်ကုန်တိုင်း ဒေသကြီးမှ ဒေါ်မေသန်းမြင့်ထွေးနှင့်အဖွဲ့က “အရေပြားရောဂါ( ဝဲ၊ ယားနာ၊ ပွေး၊ ဒက်၊ အနာစက်)၌ ဆေးအမှတ်(၆)၊ ဆေးအမှတ်(၂၁)နှင့် အုန်းဆီတို့ ပေါင်းစပ်လိမ်းကျံစေခြင်းဖြင့် သက်သာ ပျောက်ကင်းမှုအား လေ့လာခြင်း”၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ဒေါ်ခိုင်ဇာလင်းနှင့်အဖွဲ့က “အနာပေါက် ရောဂါကုထုံးအစဉ်များမှ အနာတင်ဆေးအဖြစ် အသုံးပြုသော အသားနုတက် ဖယောင်းချက်အား လေ့လာခြင်း”၊ ရန်ကုန်တိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဒေါ်ဇာဇာဌေး (မှန်ချို)က “တိုးချဲ့ စိုက်ပျိုး ထိန်းသိမ်းသင့်သော ဆေးဖက်ဝင် ဇာတိပ္ဖိုလ်ပင်”၊ ကချင်ပြည်နယ်မှ ညီလာခံကိုယ်စားလှယ်၊ ဦးတန်လီက “ကချင်တိုင်းရင်းသားများ မိရိုးဖလာအသုံးပြုခဲ့သည့် ဆေးဖက်ဝင်အပင်များ” စာတမ်းများ ဖတ်ကြားပြီး နှီးနှောဖလှယ်ပွဲ တက်ရောက်လာကြသူများက စာတမ်းများနှင့်ပတ်သက်၍ မေးမြန်း ဆွေးနွေးအကြံပြုကြကာ ပညာရပ်များ နှီးနှောဖလှယ်ကြသည်။
ဆက်လက်၍ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ပိတ်ပွဲအခမ်းအနားတွင် သဘာပတိ အဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး က ဆောင်ရွက်ပြီး (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှော ဖလှယ်ပွဲတွင် သဘာပတိနှင့် သဘာပတိအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပေးခဲ့ကြသူများ၊ စာတမ်းရှင်များ၊ ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးသော တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင်များကို ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
