(၂၀၂၄-၂၀၂၅) ပညာသင်နှစ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်း မိတ်ဆက်အသိပေးခြင်း အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့ တက်ရောက်

နေပြည်တော်၊ (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်

    (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်း မိတ်ဆက် အသိပေးခြင်း အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ Meeting Hall ၌ ယနေ့ နံနက် (၉:၀၀)နာရီတွင် ကျင်းပခဲ့ပါသည်။ ပထမဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေမှ အမှာစကားပြောကြားရာတွင် ကျောင်းတွင်းအာဟာရကျွေးခြင်းလုပ်ငန်းသည် အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးမဟာဗျူဟာ၊ ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားအဆင့် ကျောင်းကျန်းမာရေး မဟာဗျူဟာ စီမံကိန်းတို့နှင့် ချိတ်ဆက်မှု ရှိပါကြောင်း၊ ပညာရေးသည် မိသားစုဝင်ငွေ မြင့်မားစေခြင်း၊ တစ်ဦးချင်းစီနှင့် မိသားစုကျန်းမာရေးမြှင့်တင်ပေးခြင်း၊ လူမှုအဖွဲ့အစည်းများကို အားဖြည့်ပေးပြီး Sustainable Development Goals (SDGs)များဖြစ်သည့် အရည်အသွေးပြည့်ဝသော ပညာရေး ရရှိရေး၊ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်နှင့် စီးပွားရေး ဖွံ့ဖြိုးမှုရရှိစေရေးများအတွက် အထောက်အပံ့ပြုပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာသင်ရိုး ညွှန်းတမ်းအသစ်များတွင် အာဟာရပညာပေး သင်ခန်းစာများကို ထည့်သွင်းရေးဆွဲသင်ကြား လေ့ကျင့်ပေးလျက် ရှိသကဲ့သို့ မိဘ များအနေနှင့် ကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးနှင့် သန့်ရှင်းရေးဆိုင်ရာအလေ့အကျင့်ကောင်းများ နှင့်ပတ်သက်၍ ပိုမိုသိရှိလာစေရန် မိဘ၊ ရပ်ရွာလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊   ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း လုပ်ငန်းများ အရှိန် အဟုန် မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုများ ကျန်းမာ ရေးနှင့် ညီညွတ်သော အစားအသောက်ပုံစံများနှင့် အလေ့အကျင့်ကောင်းများကို ပိုမိုသိရှိနားလည်၍ လိုက်နာကျင့်သုံးခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော ကျောင်းသား၊ ကျောင်းသူ အနာဂတ်သားကောင်းများ ကို မွေးထုတ်ပေးနိုင်မည်ဖြစ်သောကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မှ နိုင်ငံတော်၏ အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ အားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝကာ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက် ရန်၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေး တိုးတက်မှုများ အတွက် ကျောင်းသား၊ ကျောင်းသူများသာမက ၎င်းတို့ မိသားစုများ၏ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ပေးရန် ရည်ရွယ်ပြီး ယခုပညာသင်နှစ်မှာ ကျောင်းတွင်း အာဟာရ ကျွေးမွေးခြင်းကို (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ဆောင်ရွက်ရန် စီစဉ်ခဲ့ပြီး (၂၀၂၅) ခုနှစ်၊ ဇွန်လတွင် ဖွင့်လှစ်မည့်ပညာသင်နှစ်တွင်လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း နေ့လယ်စာတစ်နပ်အတွက် KG ကျောင်းသား၊ ကျောင်းသူများ၏ ကယ်လိုရီနှင့် အသားဓာတ်လိုအပ်ချက်၊ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စု၊ အင်အား ဖြစ်ထွန်းစေသော အစာအုပ်စုနှင့် ရောဂါအမျိုးမျိုးမှ ကာကွယ်ပေးသော အစာအုပ်စုတို့ ပါဝင်မှုတို့ကို အခြေခံတွက်ချက်ပြီး မိမိတို့ဒေသမှ ထွက်ရှိသည့် အစားအစာများကို ဦးစားပေးရွေးချယ်ဆောင်ရွက်ခဲ့ ကြပါကြောင်း၊ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ် (၁၇) ခု၊ မြို့နယ် (၂၁၇) မြို့နယ်၊ အခြေခံပညာကျောင်း (၂၄,၁၈၉) ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူ (၄၈၄,၃၁၂)ဦး အတွက် ကျန်းမာရေးဝန်ကြီးဌာန နိုင်ငံတော်ခွင့်ပြုရန်ပုံငွေဖြင့် သုံးစွဲခဲ့ပါကြောင်း၊  ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ဗဟိုအဆင့် ကွင်းဆင်းကြီးကြပ်ခြင်းနှင့် လုပ်ငန်း ဆန်းစစ်ခြင်းများကို ဆောင်ရွက်သွားကြမှာ ဖြစ်ပါကြောင်း၊ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းမှ တစ်ဆင့် ကျောင်းသား၊ ကျောင်းသူများသည် အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစား အစာများ ရွေးချယ်စားသုံးတတ်စေခြင်း၊ အဏုအာဟာရမှုန့် ဖြည့်စွက်တိုက်ကျွေးခြင်း၊ စနစ်တကျ လက်ဆေးခြင်းနှင့် သွားတိုက်ခြင်း၊ ကိုယ်လက်လှုပ်ရှားကစားခြင်း စသည့် ကျန်းမာရေးနှင့် ညီညွတ် သည့် အလေ့အကျင့်ကောင်းများ ကျင့်သုံးကာ မိသားစုများတွင် ဆင့်ပွားကျင့်သုံးစေနိုင်ခြင်း စသော ကျန်းမာရေးဆိုင်ရာ အကျိုးအမြတ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေပျော်၍ စာတော် ကာ သင်ကြားသင်ယူမှု မြင့်မားစေခြင်း၊ မူလတန်းပြီးဆုံးသည်အထိ ပညာသင်ယူမှု မြင့်မားနိုင်ခြင်း၊ ကျောင်းထွက်နှုန်း ကျဆင်းနိုင်ခြင်း စသော ပညာရေးဆိုင်ရာ အကျိုးအမြတ်များ၊ ဒေသထွက် အစား အစာများ ဝယ်ယူအသုံးပြုသဖြင့် စိုက်ပျိုးမွေးမြူရေး တိုးတက်ခြင်း၊ အလုပ်အကိုင်များ ရရှိစေခြင်း စသည့် ဒေသန္တရ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိနိုင်မှာ ဖြစ်ပါကြောင်း၊ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်း ဆောင်ပုဒ်ဖြစ်သော “အာဟာရပြည့်ဝ အနာဂတ်လှပ ကလေးများ ဘဝ” ဆိုသည့်အတိုင်း  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အဓိက လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော      KGကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး၊ ပညာရေးအတွက် ကျောင်းတွင်းအာဟာရ ကျွေးမွေး ခြင်းကို ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ မိဘဆရာအသင်း၊ အလှူရှင်များ ပူးပေါင်းပြီး စဉ်ဆက် မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
          ယင်းနောက် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး တက်ရောက်လာကြသူများနှင့်အတူ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း  ဓာတ်ပုံပြခန်း အား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်း၊ နေပြည်တော်သို့ သွားရောက်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ မိဘများက စုပေါင်းချက်ပြုတ်ကြရာတွင် အစားအစာများကို အစာအုပ်စု(၃)အုပ်စုပေါ်မူတည်၍ ရွေးချယ်ခြင်း၊ အာဟာရတန်ဖိုး လျော့နည်းမှု အနည်းဆုံးဖြစ်စေရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေ ရန် ချက်ပြုတ်ပြင်ဆင်ပုံကို လက်တွေ့သရုပ်ပြ ပညာပေးခြင်း၊ KG ကျောင်းသား၊ ကျောင်းသူများအား နေ့လယ်စာအဖြစ် တွက်ချက်ထားသည့် အစာအုပ်စု (၃) အုပ်စု ပါဝင်သော ထမင်း၊ ကြက်ဥ၊ သီးစုံပဲ ဟင်း၊ ငှက်ပျောသီး တို့ကို ကျွေးမွေးခြင်း၊ အဏုအာဟာရမှုန့် ဖြည့်စွက်တိုက်ကျွေးခြင်း၊ နေ့လယ်စာ မစားမီ စနစ်တကျ လက်ဆေးခြင်း၊ နေ့လယ်စာစားခြင်း၊ နေ့လယ်စာစားပြီး သွားတိုက်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ပါသည်။