ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း နေပြည်တော်အတွင်း ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၀၂၅ခုနှစ်၊မတ်လ (၃၀)ရက်
     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် နေပြည်တော်ကောင်စီ ဥက္ကဌဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ တာဝန်ရှိသူများနှင့် အတူ ၂၀၂၅ခုနှစ်၊မတ်လ (၃၀)ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင်(၁၀၀၀)တွင်ယာယီအရေးပေါ်လူနာဆောင်များ၌ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လူနာများအား တွေ့ဆုံအားပေးစကားပြောကြားသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဌနှင့်တာဝန်ရှိသူများသည် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့က လာရောက်ပူးပေါင်းဆောင်ရွက်သည့် ရွေ့လျားဓာတ်မှန်နှင့် အာထရာဆောင်းစက်ပါဝင်သည့် မိုဘိုင်းယာဉ်နှင့် ရွေ့လျားခွဲစိတ်ခန်းပါဝင်သည့် မိုဘိုင်းယာဉ်များပေါ်တွင် လူနာများအားရောဂါရှာဖွေမှုနှင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနေမှုကို လှည့်လည် ကြည့်ရှုအားပေးပြီး နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင်(၁၀၀၀)တွင် ရေကောင်းရေသန့် ရရှိရေးလုပ်ငန်းများနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
      မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင်(၁၀၀၀)တွင် ဘာသာရပ် ဆိုင်ရာ ပါမောက္ခဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်ကြီးများက ငလျင်ဘေးသင့်ပြည်သူများအား ယာယီအရေးပေါ် လူနာဆောင်များတွင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ လူနာများ အား ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်းစသည့် ရောဂါရှာဖွေရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့်လူနာများအား အချိန်နှင့်တပြေးညီ ခွဲစိတ်ကုသမှုများဆောင်ရွက်‌ပေးနေမှုကို လှည့်လည့် ကြည့်ရှု စစ်ဆေး၍ လူနာများအားတွေ့ဆုံအား‌ပေးစကားပြောကြားသည်။
     ယင်းနောက် ပြည်‌ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင်(၁၀၀၀)တွင် အရေးပေါ်ခွဲစိတ်ခန်းများ၊ CT Scan စက်များ၊ ဓာတ်ခွဲဓာတ်မှန်လုပ်ငန်းများ ပုံမှန်ပြန်လည်ဆောင်ရွက် နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
       ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခုတင်(၅၀)ဆံ့ ဥတ္တရသီရိမြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်၍ နေပြည်‌တော်ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀)နှင့် အခြား ပြည်သူ့ဆေးရုံကြီး များမှလွှဲပြောင်းပေးသည့် ရောဂါဝေဒနာသက်သာသည့် လူနာများအားလက်ခံ၍ ‌ဆေးကုသစောင့်ရှောက် ‌ပေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လူနာများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ ပါသည်။
     ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများကို အချိန်နှင့်တပြေးညီ ကုသစောင့်ရှောက်‌ပေးလျက်ရှိပြီး ရောဂါပြင်းထန်သည့် လူနာများအား ပြည်သူ့ဆေးရုံကြီးများတွင် အထူးကြပ်မတ်ကုသလျက်ရှိပြီး နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀)နှင့် အခြား ပြည်သူ့ဆေးရုံကြီးများမှ ရောဂါဝေဒနာသက်သာသည့် လူနာများအား ခုတင်(၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံများနှင့် ငလျင်ဘေးသင့်လူများအတွက် ဖွင့်လှစ်ထားရှိသည့် ရောဂါကုသ‌ရေးစင်တာများသို့ လွှဲပြောင်းနေရာချထားကာ ရောဂါဝေဒနာသက်သာ ပျောက်ကင်းသည်အထိ ဆက်လက်ကုသပေးလျက်ရှိပါသည်။