(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၂) ရက်

     (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပ ရေးဦးစီးကော်မတီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဆပ်ကော်မတီများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

     အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက  (၂၄)ကြိမ်မြောက် ကျင်းပမည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ရောဂါရှာဖွေကုသနည်းစနစ်များ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်စေရန်၊ ပြည်သူလူထုအနေဖြင့် ပတ်ဝန်းကျင်ရှိ အပင်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ၏ ဆေးဖက်ဝင်ပုံကိုသိရှိနိုင်စေရန်၊ တိုင်းရင်းဆေးပညာဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ ရိုးရာတိုင်းရင်းဆေးပညာနည်းစနစ်များ ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် အားလုံးဝိုင်းဝန်း ပူးပေါင်းကူညီဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရှေးဘိုးဘွားစဉ်ဆက် နှစ်ပေါင်းများစွာကတည်းက ရိုးရာ အမွေအနှစ်ဖြစ်တဲ့ မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို အမျိုးသားယဉ်ကျေးမှု တစ်ရပ်အနေနဲ့ ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရေးကို ယခုညီလာခံနဲ့ နှီးနှော ဖလှယ်ပွဲများမှ ကြိုးပမ်းဆောင်ရွက်သွားရန် စီစဉ်လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးအနေဖြင့် မိမိတို့သက်ဆိုင်ရာအခန်းကဏ္ဍများတွင် လစ်ဟာမှုမရှိအောင် အင်တိုက် အားတိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားသည်။
     ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက နှီးနှောဖလှယ်ပွဲကြီး အောင်မြင် ခမ်းနားစွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီအလိုက် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊  ယခုနှစ်ညီလာခံနှင့်နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်သွားမည့် အသေးစိတ်အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
     ယင်းနောက် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်နှီးနှောဖလှယ်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြရာ ဦးစီးကော်မတီဥက္ကဋ္ဌက ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။