“ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း အထိမ်းအမှတ်အခမ်းအနား” ကျင်းပပြုလုပ်

ရန်ကုန်၊ဒီဇင်ဘာလ(၆) ရက်                                                                                                             

      ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်ဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည်။

      အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊  ပါမောက္ခချုပ် တပ်မတော်ဆေးတက္ကသိုလ်၊ အမှတ် (၁) တပ်မတော်ဆေးရုံ ကုတင် (၁၀၀၀) ဆေးရုံအုပ်ကြီး၊ တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံကုတင် (၃၀၀) ဆေးရုံအုပ်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များနှင့် ဆေးဘက်နှီးနွယ်တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ WHO ၊ UNICEF နှင့် CHAI အဖွဲ့မှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
     ဦးစွာ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက “ကျန်းမာစေသောလက်” သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေကာ အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
      ယင်းနောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနသည် မြန်မာတစ်နိုင်ငံလုံးမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အသက်အရွယ်အလိုက်လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို နိုင်ငံတော်၏ ဦးဆောင်မှုဖြင့် အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ ကပ်အသွင်ဖြစ်ပွားမှုများမှ ကာကွယ်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်မှ စတင်၍ အသက် ၉ နှစ်မှ ၁၁ နှစ်အရွယ် မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV vaccine) အား နှစ်စဉ် ကျောင်းအခြေပြုနှင့်ပြည်သူလူထုအခြေပြုနည်းလမ်းဖြင့် ထိုးနှံပေးလျက်ရှိရာ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံရာတွင် လွမ်းခြုံမှုမြင့်မား၍ အောင်မြင်မှုများရရှိခဲ့သော်လည်း ပြည်သူလူထုအခြေပြု နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံရာတွင် အားဖြည့်ဆောင်ရွက်သွားရန်လိုအပ်သောကြောင့် ယနေ့ အခမ်းအနားကို ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ ၂၀၂၆ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် မိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း (HPV MAC-HPV Multi- Age Cohort Vaccination) လုပ်ငန်းကို အသက် ၉ နှစ်မှ ၁၈ နှစ် အရွယ်အထိ အသက်အရွယ်တိုးမြှင့်ကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
      ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက် ၉ နှစ်မှ ၁၁နှစ်အကြား အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံရာတွင် ၂၀၂၅ ခုနှစ်တွင် ၅၈၀၂၄ ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။
    ဆက်လက်၍ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း အထိမ်းအမှတ် Video ကို ပြသပြီး ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက မြန်မာနိုင်ငံကာကွယ်ဆေးထိုးနှံမှုသမိုင်းကြောင်းနှင့် အောင်မြင်မှုမှတ်တိုင်များ ဆိုင်ရာပြခန်းငယ်ကို လှည့်လည်ကြည့်ရှုသည်။ ထို့နောက် အသက် ၉ နှစ်မှ ၁၁ နှစ်အရွယ် မိန်းကလေး ငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် အသက် ၃၀ မှ ၄၉ နှစ် အရွယ် အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါ အကြိုစစ်ဆေးခြင်းနှင့် ကုသမှုပေးနေခြင်းတို့ကို လိုက်လံ ကြည့်ရှုအားပေးသည်။
     ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အသက်တစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်း၊ ကျောင်းနေအရွယ်ကလေးငယ်များအား ဆုံဆို့-မေးခိုင် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက် ၉ နှစ်မှ ၁၁ နှစ်အရွယ်မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးတိုက်ကျွေးပေးခြင်း၊ မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို မွေးစမှ အသက်အရွယ်ကြီးရင့်သည်အထိ (Life Cycle Approach) ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးအမျိုးအစား ၁၃ မျိုးကို အမေရိကန်ဒေါ်လာ ၁၀ သန်းခန့်အထိ နိုင်ငံတော်ကအကုန်အကျခံဝယ်ယူကာ ပြည်သူလူထုအား ထိုးနှံတိုက်ကျွေးပေးလျက်ရှိ ပါသည်။