(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၁၆

     (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ တွင် ကျင်းပလျက်ရှိရာ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို (၁၆-၁၂-၂၀၂၅) ရက်နေ့နံနက်ပိုင်းတွင် ကျင်းပသည်။

     အစီအစဉ်အရ ညီလာခံသဘာပတိအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း က ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီ နာယက ဦးမြင့်လွင်၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဦးမိတ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ အဖွဲ့ဝင် ဦးပေါငြိမ်း တို့က ဆောင်ရွက်ကြသည်။  

     ဦးစွာ သဘာပတိက (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင် အဆိုပြုချက်(၄)ရပ်တင်သွင်းပြီး ထောက်ခံဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ ညီလာခံတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မိန့်မှာချက်များကို အလေးအနက်ထား ဆောင်ရွက် ကြရန်နှင့် ညီလာခံတွင် တင်သွင်းခဲ့ကြသည့် အဆိုပြုချက်များကို အချိန်နှင့်တစ်ပြေးညီ အကောင် အထည်ဖော် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

     ထို့နောက် ပဲခူးတိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဦးဟန်ငြိမ်းက အဆိုပြုချက်  အမှတ်(၁)ဖြစ်သော “မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ရောဂါရှာဖွေကုသမှုနည်းစနစ်များ ပိုမိုတိုးတက် ကောင်းမွန်လာစေရေးအတွက် ပညာရပ်ဆိုင်ရာလက်တွေ့သင်တန်းများ၊ ဆွေးနွေးပွဲများတိုးမြှင့် ဆောင်ရွက်ရန်၊” အဆိုကိုတင်သွင်းရာ မန္တလေးတိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဒေါ်ချောနန္ဒာခိုင်က ထောက်ခံဆွေးနွေးသည်။

     အဆိုပြုချက် အမှတ်(၂)ဖြစ်သော “မိမိတို့ပတ်ဝန်းကျင်ရှိအပင်များနှင့် မီးဖိုချောင်းသုံးပစ္စည်း များ၏ ဆေးဖက်ဝင်ပုံများကို သိရှိနားလည်စေရန်နှင့် မိသားစုကျန်းမာရေးကို ကာကွယ်စောင့်ရှောက် နိုင်ရေးအတွက် တိုင်းရင်းဆေးအသိပညာပေးခြင်းကိုဆောင်ရွက်ရန်၊”ကို နေပြည်တော်၊ ပြည်ထောင် စုနယ်မြေမှ  ညီလာခံကိုယ်စားလှယ် ဒေါ်သန္တာဝင်းက တင်သွင်းပြီး ရန်ကုန်တိုင်းဒေသကြီးမှ ညီလာခံ ကိုယ်စားလှယ် ဦးစိန်ဦးက ထောက်ခံဆွေးနွေးကြကာ ညီလာခံ နံနက်ပိုင်းအစီအစဉ်ကို ရပ်နားခဲ့သည်။

     ယင်းနောက် ညီလာခံ နေ့လယ်ပိုင်းအစီအစဉ်များကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ ကဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ နာယက ဦးသန်းညွန့်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးလှမြင့်၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီ အဖွဲ့ဝင် ဦးဝေဝင်း တို့က ဆောင်ရွက်ပြီး  အဆိုပြုချက် အမှတ်(၃)ဖြစ်သော “ပဏာမကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် တိုင်းရင်းဆေးပညာ၏ အခန်းကဏ္ဍ ပိုမို မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊” အဆိုအား ရန်ကုန်တိုင်းဒေသကြီးမှ  ညီလာခံကိုယ်စားလှယ် ဒေါ်လှလှ‌‌ဌေးက တင်သွင်းပြီး ကချင်ပြည်နယ်မှ ညီလာခံကိုယ်စားလှယ် ဦးငွေသိမ်းမင်းက ထောက်ခံ ဆွေးနွေးသည်။

     ဆက်လက်၍ အဆိုပြုချက်အမှတ်(၄) ဖြစ်သော “ကျမ်းဂန်လာတိုင်းရင်းဆေးဖုံများ၏ ရောဂါကုသရာတွင် ထိရောက်မှုကို သိပ္ပံနည်းကျဖော်ထုတ်ဆောင်ရွက်ရန်နှင့် မူပိုင်ခွင့်ရရှိနိုင်ရေးဆောင်ရွက်ရန်” အဆိုကို ရှမ်းပြည်နယ် မှ ညီလာခံကိုယ်စားလှယ် ဒေါ်ဥမ္မာအေးက တင်သွင်းပြီး ဆေးဝါးတက္ကသိုလ် မန္တလေးဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဒေါက်တာသက်သက်ဖြိုးဇော်က ထောက်ခံဆွေးနွေးသည်။

     ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီနှောဖလှယ်ပွဲသို့ Video Message ဖြင့် ပေးပို့သော ဂုဏ်ပြုမိန့်ခွန်းနှင့် နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် အဖွဲ့ဝင် ဦးညိုစော၏ ညီလာခံအဖွင့်မိန့်ခွန်းပါ မိန့်ကြားချက်များအား မှတ်တမ်းတင်ပြီး လုပ်ငန်းလမ်းညွှန်များအဖြစ် ခံယူဆောင်ရွက်သွားရန်နှင့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင် တင်သွင်းသည့် အဆိုပြုချက်များနှင့်ပတ်သက်၍ အစည်းအဝေး၏ ဆန္ဒသဘောထား ရယူပြီး အဆိုများအား အတည်ပြု မှတ်တမ်းတင်ကြောင်းသိရှိရသည်။