ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ သစ်လွင်သူနာပြု(၁၅၂၀)ဦးနှင့် သစ်လွင်သားဖွား(၃၆၁)ဦးကို နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ချီးမြှင့်

နေပြည်တော်၊ (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်

     ကျန်းမာရေးဝန်ကြီးဌာနမှ သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ် သင်တန်းဆင်းမည့် သစ်လွင် သူနာပြုများနှင့် သားဖွားဒီပလိုမာ(၂) နှစ် သင်တန်းဆင်းမည့် သစ်လွင်သားဖွားများကို နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာ ပေးအပ်ပွဲကို (၂၂-၁၂-၂၀၂၅) ရက်နေ့နံနက်ပိုင်းတွင် သူနာပြုတက္ကသိုလ်(ရန်ကုန်)၊ Auditorium ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပရာကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သစ်လွင် သူနာပြုများနှင့် သစ်လွင်သားဖွားများ တက်ရောက်ကြသည်။

     ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝရုံမျှမက မိမိတို့သူနာပြု၊ သားဖွားများလိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်ကြံ ကြစေလိုကြောင်း၊ အခြေခံသူနာပြုစုမှုနှင့် သားဖွားအတတ်ပညာများကို အသုံးပြု၍ ပြည်သူများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပြုစုပေးနိုင်သော မှန်ကန်သော ခံယူချက်ရှိသည့် သူနာပြု၊ သားဖွားကောင်းများ ဖြစ်ကြစေလိုကြောင်းနှင့် ပြည်သူလူထုနှင့်ဆက်ဆံရာတွင် ဖော်ရွေစွာပြောဆိုဆက်ဆံကြစေလိုကြောင်း ပြောကြားသည်။

     ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းဆင်း သစ်လွင်သူနာပြုနှင့် သားဖွားများအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် သူနာပြုအတတ်ပညာဖြင့် ပြည်သူလူထုကို အကျိုးပြုကြရန် ပြောကြားသည်။

     ယင်းနောက် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဥက္ကဋ္ဌက သင်တန်းဆင်းမည့် သစ်လွင်သူနာပြု၊ သားဖွားများကို နိုင်ငံ့ဝန်ထမ်းအဖြစ်တာဝန်စတင်ထမ်းဆောင်သည့်အချိန်မှစ၍ နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေများ၊ သက်ဆိုင်ရာဆေးရုံ၏ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်စေလို ကြောင်း၊ လူနာများကိုပြုစုစောင့်ရှောက်ရာတွင် သူနာပြုသစ္စာဓိဋ္ဌာန်(၈) ချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သူနာပြု၊ သားဖွား သင်တန်းကျောင်းမှ တက်ရောက်အောင်မြင်သူ သစ်လွင်သူနာပြု(၈၆) ဦး၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သူနာပြု၊ သားဖွားသင်တန်းကျောင်းများမှ တက်ရောက်အောင်မြင်သူ သစ်လွင်သူနာပြု (၃၄၀)ဦး၊ ရန်ကုန်ဗဟိုသားဖွားသင်တန်းကျောင်းမှ တက်ရောက်အောင်မြင်သူ သစ်လွင်သားဖွား (၁၆၂)  ဦး၊ စုစုပေါင်း (၅၈၈)ဦး ကိုယ်စားသစ်လွင်သူနာပြု(၂) ဦး၊ သစ်လွင်သားဖွား(၁) ဦးတို့ထံ ခန့်အပ်တာဝန် ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာများ ပေးအပ်ပြီး သစ်လွင်သူနာပြုတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
     ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်ရှိ သူနာပြု သင်တန်း ကျောင်း(၆)ကျောင်း၊ သားဖွားသင်တန်းကျောင်း(၁)ကျောင်းတို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း(၃၅၀)အား ပေးအပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး တေးသရုပ်ဖော်အကအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

     ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ခုနှစ်တွင် သစ်လွင်သူနာပြု(၁၅၂၀)ဦးနှင့် သစ်လွင်သားဖွား(၃၆၁)ဦးကို နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ခဲ့ပြီး  ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလနှင့် ၂၀၂၆ ခုနှစ် မေလတို့တွင် သူနာပြု (၁၇၆၂)ဦးတို့အား သစ်လွင်သူနာပြုများအဖြစ် ခန့်အပ်တာဝန်ပေးအပ်မည်ဖြစ်ပါသည်။