|
ရန်ကုန်၊ ဒီဇင်ဘာလ (၂၉)ရက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၂၉ရက်နေ့၊ နံနက်ပိုင်းတွင် ခုတင်(၅၀၀)အထူးကု ဆေးရုံကြီး၊ ရန်ကုန်မြို့သို့ သွားရောက်၍ အောင်မြင်စွာ ဆောင်ရွက်ခဲ့သည့် အသည်းအစားထိုး ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော အသည်းလူနာနှင့် အသည်းအလှူရှင်(၄)ဦးတို့ကို ကြည့်ရှုစစ်ဆေး၍ အစားအသောက် လက်ဆောင်ခြင်းများ ချီးမြှင့်ပေးအပ်သည်။ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်မြို့၌ ဒီဇင်ဘာလ ၂၀ ရက်တွင် (၃၈)ကြိမ် မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုအဖြစ် ပြည်မြို့တွင်နေထိုင်သည့် အသက်(၄၉)နှစ်ရှိ အသည်းလူနာအမျိုးသားနှင့် အသက်(၃၉)နှစ်ရှိ အသည်းအလှူရှင် အမျိုးသမီး မောင်နှမဝမ်းကွဲ တို့ကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် (၃၉)ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ် ကုသမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ အသက်(၅၈)နှစ်ရှိ အသည်းလူနာအမျိုးသမီးနှင့် အသက်(၂၅)နှစ်ရှိ အသည်းအလှူရှင် အမျိုးသား သားအမိတို့ကိုလည်းကောင်း အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပြီး အသည်းအလှူရှင်များနှင့် အသည်းလက်ခံသူလူနာများမှာ ကျန်းမာရေးတိုးတက်ကောင်းမွန်လျက်ရှိသည်။ |
|
![]() |
![]() |
| ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ (၆)ထပ်ဆောင်၌ အသည်းအစားထိုးခွဲစိတ်ကုသမှုတွင် ပါဝင်ခဲ့သော လုပ်ငန်းအဖွဲ့များမှ အဖွဲ့ဝင်များ၊ ဆေးရုံကြီးတွင် ပုံမှန်ဆောင်ရွက်လျက်ရှိသည့် ကျောက်ကပ်အစားထိုးခွဲစိတ် ကုသမှုတွင် ပါဝင်သော တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြည်တွင်း၌ အသည်းအစားထိုးနှင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို ဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူများအနေဖြင့် ပြည်ပသို့သွားရောက်ကုသရမည့် ကုန်ကျစရိတ်များ သက်သာစေခြင်း၊ ပြည်သူ့ဆေးရုံများတွင် ဝန်ဆောင်မှု ပိုမိုတိုးတက်ကောင်းမွန်စေခြင်းနှင့် ပြည်သူတစ်ဦးချင်းဆီမှ စိုက်ထုတ်သုံးစွဲရငွေ လျော့ကျစေမည်ဖြစ်ကြောင်းနှင့် အသည်းအစားထိုးနှင့် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုများ ပုံမှန်ဆက်လက်ဆောင်ရွက်နိုင်ရန် စီစဉ်နိုင်ရေး မှာကြားသည်။
ထို့နောက် အသည်းအစားထိုးကုသမှုအောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပါဝင်ခဲ့ကြ သည့် အသည်းအထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ အထောက်အကူပြုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။ |
|
![]() |
![]() |
အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်မြို့၌ (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အသည်းအစားထိုး ခွဲစိတ်ကုသမှု ခံယူသော အသည်းလူနာနှင့် အသည်းအလှူရှင်များအား ကြည့်ရှုအားပေး
in




