ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဗဟိုအမျိုးသမီး ဆေးရုံကြီး-ရန်ကုန်နှင့် ကလေးဆေးရုံကြီး-ရန်ကုန် တို့အား လှည့်လည်ကြည့်ရှု

ရန်ကုန်၊ ဇန်နဝါရီလ ၁၈ ရက်

     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန် ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် ဗဟိုအမျိုးသမီး ဆေးရုံကြီး(ရန်ကုန်)သို့ သွားရောက်၍ အရေးပေါ်လူနာဌာနတွင် လူနာများ လက်ခံကြည့်ရှုပေးနေမှု၊ အရေးပေါ်ဌာနအဆောက်အအုံ မွမ်းမံပြင်ဆင်ထားရှိမှု၊ သွေးလှူဘဏ်နှင့် ဓာတ်ခွဲဌာနတို့တွင် အ‌ရေးပေါ်သွေးနှင့် သွေးပစ္စည်းများ ထုတ်ပေးနိုင်ရေးပြင်ဆင်ထားရှိမှု၊ အရေးပေါ်ဓာတ်ခွဲစစ်ဆေး မှုများ ၂၄ နာရီ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လာရောက်ကုသမှုခံယူသော လူနာနှင့်မိသားစုများ၊ ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားသည်။

     ထို့နောက် ဆေးရုံကြီး၏ အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)သည် ကိုယ်ဝန်ဆောင်မိခင်များ၊ အမျိုးသမီးရောဂါများအတွက် မြန်မာနိုင်ငံတွင် အကြီးဆုံးကုသရေးဌာနဖြစ်ရာ ကျန်းမာရေး စောင့်ရှောက်မှုများ အရည်အသွေးကောင်းမွန်စေရေး၊ ဆေးရုံဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုတိုးတက် စေရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုပါကြောင်း၊ သင်ကြားရေး ဆေးရုံကြီးလည်းဖြစ်သည့်အတွက် မျိုးဆက်သစ်သားဖွားမီးယပ်အထူးကုဆရာဝန်များ၊ လက်ထောက် ဆရာဝန်များ ကုသမှုအရည်အသွေးကောင်းမွန်စေရေး လေ့ကျင့်မွေးထုတ်မှုသာမက ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်နှင့်တိုက်နယ်ဆေးရုံများ၌ မိခင်ကလေးကျန်းမာရေးစောင့်‌ရှောက်မှု ဆိုင်ရာ ကုသမှုအရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက်လည်း လိုအပ်သည်များ အကြံပြု သင်ကြား ဆောင်ရွက်ပေးကြစေလိုကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီ သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများအဖြစ်ပြောင်းလဲဖွင့်နိုင်ရေးနှင့် သူနာပြုများ၏ ရာထူးတိုးမြှင့်ရေးကိစ္စများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သားသမီးမရသည့် ဇနီးမောင်နှံများအတွက် သားသမီးရရှိစေရေး ခေတ်မီနည်းပညာများ အသုံးပြုကာ စစ်ဆေးဆောင်ရွက်ပေးနေသည့် Fertility Centre ကိုလည်း ယခုထက် ပိုမိုတိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက်ကြရန်ဖြစ်ပြီး လိုအပ်ချက်များကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ဆေးရုံကြီး ဥပဓိရုပ် ကောင်းမွန်စေရေးအတွက် ဆေးရုံဝန်ထမ်းအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး ပြင်ဆင်မွမ်းမံ မှုများ ဆောင်ရွက်ရာတွင် ရှေးဟောင်း အဆောက်အဦ ဖြစ်သည်နှင့်အညီ မူလအဆောက်အဦ၏ မူဟန်မပျက် ပြုပြင်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ပံ့ပိုးပေးလျက်ရှိသည့် ထောက်ပံ့မှုများကို လူနာများအကျိုးရှိစွာ ခံစားရရှိစေရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။
     ယင်းနောက် တက်ရောက်လာကြသည့် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေး ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်မှုနှင့်လိုအပ်ချက်များ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး မွေးကင်းစကလေးကြည့်ရှုကုသမှု အခြေအနေများ ကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလေးဆေးရုံကြီး-ရန်ကုန်သို့ သွားရောက်၍ အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ သွားနှင့်ခံတွင်းကုသခန်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်အခန်း တို့ကို ကြည့်ရှု၍ လိုအပ်သည်များမှာကြားကာ အသက် (၂)နှစ် ရှိပြီဖြစ်သည့် ရင်ချင်းဆက်အမြွှာ မကြာညိုသင်းနှင့် မကြာညိုသိမ့်တို့အား ကြည့်ရှုစောင့်ရှောက်မှုပေးနေသည့်အခြေအနေကို သွားရောက်ကြည့်ရှုပြီး ရင်ချင်းဆက်အမြွှာများ ခွဲစိတ်ကုသမှု‌ ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိမှုများနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ပါသည်။