|
ဒေါက်တာသန်းနိုင်စိုး
ရောဂါပိုးစတင်တွေ့ရှိပုံနှင့်တွေ့ရှိရာဒေသများ
နီပါးရ်ဗိုင်းရပ်စ် (Nipah virus-Niv)ကို ၁၉၉၉ ခုနှစ်တွင် မလေးရှားနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းရှိ နက်ဂရီ ဆင်းဘီလန် (Negeri Sembilan) ပြည်နယ်၊ ပို့ဒစ်ဆင် (Port Dickson) ခရိုင်၊ ဆွန်ဂိုင်းနီပါးရ် (Sungai Nipah) ရွာတွင် ကပ်ရောဂါအသွင်ဖြစ်ပွားခဲ့စဉ်က စတင်တွေ့ရှိခဲ့ ပြီး အဆိုပါရွာကို အစွဲပြု၍ “နီပါးရ် ဗိုင်းရပ်စ်” ဟု အမည်ပေးခဲ့ခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ နီပါးရ်ဗိုင်းရပ်စ်သည် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကဲ့သို့ အသစ်ပေါ်ပေါက်လာသည့် ဗိုင်းရပ်စ်ပိုး မဟုတ်ကြောင်း ဦးစွာတင်ပြလိုပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဤရောဂါကို ၂၀၀၁ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ရာမှ နှစ်စဉ်နီးပါးရောဂါ ဖြစ်ပွားမှုများ ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသများတွင်လည်း ရောဂါဖြစ်ပွားမှုများရှိကြောင်း သိရသည်။ သို့ရာတွင် အဆိုပါရောဂါ ဖြစ်ပွားသည့် နေရာဒေသများမှ အဆိုပါနိုင်ငံများ၏ နိုင်ငံတွင်း အခြားဒေသများနှင့် နိုင်ငံတကာသို့ ရောဂါပျံ့နှံ့ခဲ့ခြင်းမရှိကြောင်း သိရသည်။
နီပါးရ်ဗိုင်းရပ်စ်၏ မူလလက်ခံကောင်ဖြစ်သော လင်းနို့မျိုးစိတ် (Pteropus bat species) နှင့် အခြားလင်းနို့မျိုးစိတ်များတွင် ဗိုင်းရပ်စ်ပိုးရှိကြောင်း အထောက်အထားများကို ဒေသတွင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံ တို့တွင်လည်း တွေ့ရှိထားပါသည်။
မြန်မာနိုင်ငံတွင် ယနေ့အထိ နီပါးရ်ဗိုင်းရပ်စ် ကူးစက်ဖြစ်မှုများကို တွေ့ရှိရခြင်းမရှိသေး သော်လည်း မူလလက်ခံကောင် လင်းနို့မျိုးစိတ်ဖြစ်သည့် သစ်သီးစားလင်းနို့/လင်းဆွဲများ ပေါများစွာ တည်ရှိရာဒေသဖြစ်ပြီး ကူးစက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် ဒေသတွင်း နိုင်ငံများနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့်အတွက် နီပါးရ်ဗိုင်းရပ်စ်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အထူးအလေးပေးဆောင်ရွက်လျက်ရှိပါသည်။
ရောဂါကူးစက်ပုံ
နီပါးရ်ဗိုင်းရပ်စ်ပိုးသည် နီးကပ်စွာနေထိုင်၍ တိုက်ရိုက်ထိတွေ့ခြင်း (Direct Contact) မှတစ်ဆင့်သာ အဓိကကူးစက်ခြင်းဖြစ်၍ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကဲ့သို့ အလွန်ကူးစက်မြန်ခြင်း မရှိကြောင်း သိရသည်။ ရောဂါကူးစက်မှုပုံစံများအနေဖြင့် –
(က) တိရစ္ဆာန်မှ လူသို့ကူးစက်ခြင်း – နီပါးရ်ဗိုင်းရပ်စ်ရောဂါပိုးရှိသော ဝက်များ သို့မဟုတ် လင်းနို့များ၏ ထွက်ရည်များ (တံတွေး၊ ဆီး) နှင့် တိုက်ရိုက်ထိတွေ့ခြင်း၊
(ခ) အစားအသောက်မှတစ်ဆင့်ကူးစက်ခြင်း – လင်းနို့များ ကိုက်ထားသော သစ်သီး များ၊ လင်းနို့တံတွေး သို့မဟုတ် ဆီးများပေကျံနေသော သစ်သီးများ/ထန်းရည်/ ဓနိရည်များကို စားသောက်မိခြင်း၊
(ဂ) လူအချင်းချင်းကူးစက်ခြင်း – လူနာထံမှ ထွက်သည့်အရည်များနှင့် တိုက်ရိုက် ထိတွေ့ခြင်း၊ လူနာနှင့်နီးကပ်စွာထိတွေ့ရသည့် လူနာပြုစုသူများနှင့် ကျန်းမာရေး ဝန်ထမ်းများကို ကူးစက်စေခြင်းတို့ဖြစ်ပါသည်။
ရောဂါလက္ခဏာများ
နီပါးရ်ဗိုင်းရပ်စ်ပိုးသည် ခန္ဓာကိုယ်ထဲသို့ ရောက်ရှိပြီး ပျှမ်းမျှရောဂါပျိုးရက် ၄ ရက်မှ ၁၄ ရက်အတွင်း ရောဂါလက္ခဏာ စတင်ပြတတ်ပြီး အချို့တွင် ရောဂါပျိုးရက်သည် ၄၅ ရက်အထိ ကြာမြင့်နိုင်ပါသည်။ ရောဂါလက္ခဏာများအနေဖြင့် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ အန်ခြင်းနှင့် လည်ချောင်းနာခြင်းတို့ကိုခံစားရပြီး ရောဂါပြင်းထန်ပါက စိတ်ရှုပ် ထွေးခြင်း၊ မှိန်းခြင်း၊ တက်ခြင်းအစရှိသော ဦးနှောက်ရောင်ရမ်းခြင်း လက္ခဏာများ ခံစားရပြီး ၂၄ နာရီမှ ၄၈ နာရီအတွင်း သတိလစ်မေ့မြောခြင်းတို့ဖြစ်ပွားနိုင်ပါသည်။ အချို့လူနာများတွင် ပြင်းထန်သောအဆုတ်ရောင်ရောဂါနှင့် အသက်ရှူရခက်ခဲခြင်းများ ကြုံတွေ့ရတတ်ပါသည်။ ရောဂါကြောင့် သေဆုံးမှုနှုန်းမှာ အလွန်မြင့်မားပြီးကူးစက်သည့် ဗိုင်းရပ်စ်အမျိုးအစားနှင့် စောစီး စွာ ဆေးကုသမှု ရရှိမှုအပေါ်မူတည်၍ သေဆုံးမှုနှုန်း၄၀% မှ ၇၅% အထိ ရှိနိုင်ပါသည်။
လက်တလောရောဂါကူးစက်ဖြစ်ပွားမှုဖြစ်စဉ်
၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ရောဂါကူးစက်ဖြစ်ပွားမှုများ ရှိခဲ့သော်လည်း ရောဂါစတင်ဖြစ်ပွားသည့် နေရာဒေသများမှ အဆိုပါနိုင်ငံများ၏ နိုင်ငံတွင်း အခြားဒေသများနှင့် နိုင်ငံတကာသို့ ရောဂါပျံ့နှံ့ခဲ့ခြင်းမရှိကြောင်းသိရသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလနှောင်းပိုင်းတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal)၊ ကာလကတ္တားဒေသ၊ ဘာရာဆတ်မြို့၌ ကူးစက်မှုအသစ်များတွေ့ရှိခဲ့ရာ ဆရာဝန်များနှင့် သူနာပြု များအပါအဝင် အနည်းဆုံး ၅ ဦးခန့်တွင် ရောဂါပိုးကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။ လက်ရှိအခြေအနေတွင် အနီးကပ်ထိတွေ့ခဲ့သူ လူပေါင်း (၁၀၀ မှ ၁၉၀) ခန့်ကို သီးသန့်ခွဲခြား စောင့်ကြည့် (Quarantine)ထားရှိကာ ရောဂါပိုးရှိ/မရှိ စမ်းသပ်စစ်ဆေးလျက်ရှိကြောင်းသိရ သည်။ လက်ရှိဖြစ်ပွားသည့်ဖြစ်စဉ်တွင်လည်း ယနေ့အချိန်ထိ အိန္ဒိယနိုင်ငံ၏ အခြားဒေသများနှင့် အခြားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခြင်း မရှိသေးကြောင်းသိရသည်။
ရောဂါကာကွယ်ရေးနည်းလမ်းများ
နီပါးရ်ဗိုင်းရပ်စ်ပိုးသည် တိရိစ္ဆာန်မှလူသို့ ကူးစက်သည့်ရောဂါ (Zoonotic disease) ဖြစ်ပြီး နီးကပ်စွာထိတွေ့ခြင်း (direct contact) မှတစ်ဆင့်သာ အဓိကကူးစက်ခြင်းဖြစ်သောကြောင့် သတိပြုဆောင်ရွက်ရမည့်ရောဂါကာကွယ်ရေးနည်းလမ်းများအနေဖြင့် –
• လင်းနို့/လင်းဆွဲများ တောရိုင်းတိရစ္ဆာန်များနှင့် နေမကောင်းဖြစ်နေသော ဝက်များ နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ၊ မဖြစ်မနေ ကိုင်တွယ်ရပါက လက်အိတ်နှင့် နှာခေါင်းစည်းကို စနစ်တကျ ဝတ်ဆင်ပါ၊ လက်ကို ဆပ်ပြာနှင့်ရေအသုံးပြု၍ စနစ်တကျ ဆေးကြောပါ၊
• လင်းနို့များ ကျက်စားရာ ဂူများ၊ သစ်ပင်များ သို့မဟုတ် လင်းနို့ချေးများ ရှိနိုင်သော နေရာများသို့ သွားရောက်ခြင်းကို ရှောင်ကြဉ်ပါ၊
• လင်းနို့ကိုက်ထားသော လက္ခဏာရှိသည့် အသီးများကို လုံးဝမစားပါနှင့်၊ အသီးများကို မစားမီ သေချာစွာ ဆေးကြောပြီး အခွံနွှာ၍စားပါ၊
• လင်းနို့တံတွေး သို့မဟုတ် ဆီးနှင့် ညစ်ညမ်းနိုင်ခြေရှိသော ထန်းရည်၊ ဓနိရည်များကို မသောက်မီ သေချာစွာ ကျိုချက်ပါ၊
• ဝက်သားနှင့် အခြားအသားများကို သေချာစွာ ကျက်အောင် ချက်ပြုတ်စားသောက်ပါ၊
• သံသယလူနာနှင့်အနီးကပ်ထိတွေ့ရခြင်းမှရှောင်ကြဉ်ပါ၊ လူနာကိုမဖြစ်မနေပြုစုရပါက လက်အိတ်နှင့် နှာခေါင်းစည်းအပါအဝင် တကိုယ်ရေအကာအကွယ်သုံးဝတ်စုံ (PPE) ကို စနစ်တကျ ဝတ်ဆင်ပါ၊ လက်ကို ဆပ်ပြာနှင့်ရေအသုံးပြု၍ စနစ်တကျ ဆေးကြောပါ၊
• လူနာ၏ အဝတ်အစား၊ ပန်းကန်ခွက်ယောက်များနှင့် အသုံးအဆောင်များကို သီးသန့်ခွဲခြား ထားပြီး ပိုးသတ်သန့်စင်ပါ၊
အထူးသဖြင့် –
• လတ်တလော နီပါးရ်ဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေသည့်ဒေသများ (ဥပမာ – ယခုအခါ အနောက်ဘင်္ဂလားပြည်နယ်) သို့ မလိုအပ်ဘဲခရီးမသွားပါနှင့်၊
• လတ်တလော ရောဂါဖြစ်ပွားရာဒေသများသို့ ရောက်ရှိနေသူများသည် ရောဂါဖြစ်ပွားရာ ဒေသများရှိ ဆေးရုံများ သို့မဟုတ် ဖျားနာသူများပြားသည့် နေရာများသို့ မလိုအပ်ဘဲ သွားရောက်ခြင်း မပြုပါနှင့်၊
• လတ်တလောရောဂါဖြစ်ပွားရာဒေသများသို့ ခရီးသွားခဲ့ပြီး မိမိနိုင်ငံသို့ပြန်လာစဉ်တွင် သံသယရောဂါများဖြစ်သည့် ပြင်းထန်စွာ ဖျားခြင်းနှင့် ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းတို့ခံစားရပါက လေဆိပ်ကျန်းမာရေးဌာန သို့မဟုတ် နယ်စပ်ဝင်/ထွက်ပေါက်များရှိ တာဝန်ကျ ကျန်းမာ ရေးဝန်ထမ်း များထံ မပျက်မကွက် သတင်းပို့ရပါမည်၊
• အကယ်၍ ရောဂါဖြစ်ပွားရာဒေသမှ ပြန်လာပြီး (၁၄) ရက်အတွင်း အထက်ဖော်ပြပါ သံသယ ရောဂါလက္ခဏာများခံစားရပါက ချက်ချင်းနီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ရန်လိုအပ်ပြီး ရောဂါဖြစ်ပွားရာဒေသ သို့ ခရီးသွားခဲ့သည့်ရာဇဝင်ရှိကြောင်းကို ဆရာဝန်အား သေချာစွာ ပြောပြ၍ လိုအပ်သည့် စမ်းသပ်စစ်ဆေးကုသမှုများကို အချိန်မီခံယူရပါမည်၊
• ရောဂါဖြစ်ပွားရာနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ ရှိသူများကို တွေ့ရှိပါကလည်းကောင်း၊ နေထိုင်ရာပတ်ဝန်းကျင်တွင် တိရစ္ဆာန်များ (ဝက်/လင်းနို့)တို့ ထူးထူးခြားခြား သေဆုံးနေသည်ကို တွေ့ရှိပါကလည်းကောင်း နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းအသိပေးအကြောင်းကြားရပါမည်။
ရောဂါကာကွယ်ဆေး/ကုသဆေးရရှိမှု အခြေအနေ
လက်ရှိအချိန်၌ နိုင်ငံတကာတွင် နီပါးဗိုင်းရပ်စ် (Nipah Virus) အတွက် သီးသန့် အတည်ပြုထားသော ကုသဆေး သို့မဟုတ် ကာကွယ်ဆေး မရှိသေးပါ။ အချို့သော ကာကွယ်ဆေးများသည် စမ်းသပ်ဆဲအဆင့် (Clinical Trials) တွင်သာ ရှိနေပါသည်။ ဝက်များ အတွက် ကာကွယ်ဆေးများ ထုတ်လုပ်ရန် ကြိုးစားနေကြသော်လည်း လက်တွေ့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခြင်း မရှိသေးပါ။
ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိမှု
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် မျောက်ကျောက်ရောဂါ စသည့် နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ ဖြစ်ပွားခဲ့ချိန်များမှစတင် ဆောင်ရွက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များအပါအဝင် နိုင်ငံဖြတ်ကျော် ဝင်/ထွက် ပေါက်များတွင် အဖျားရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ရပ်တန့်ခဲ့ခြင်း မရှိခဲ့ပါ။ ယခုအချိန်တွင် အဆိုပါလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် လတ်တလော ရောဂါဖြစ်ပွားရာ ဒေသဖြစ်သည့် အိန္ဒိယနိုင်ငံ အထူးသဖြင့် အနောက် ဘင်္ဂလားဒေသ (West Bengal)မှ ပြန်လည်ဝင်ရောက်လာသူများမှတစ်ဆင့် နိုင်ငံတွင်းသို့ ရောဂါကူးစက် ဖြစ်ပွားမှုမရှိစေရေး ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများအား အထူး အလေးထား၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာကျန်းမာရေးပြဌာန်းချက် (၂၀၀၅)နှင့်အညီ ကူးစက်ရောဂါဖြစ်ပွားမှုဆိုင်ရာ သတင်းအချက်အလက်များဖလှယ်ခြင်း လုပ်ငန်းစဉ်အရ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့် အခြားကူးစက်ရောဂါများ ဖြစ်ပွားမှုအခြေအနေအား မျက်ခြေမပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် နီပါးရ်ဗိုင်းရပ်စ် ရောဂါအပါအဝင် ကူးစက်ရောဂါများကြောင့်ဖြစ်ပွား တတ်သော လတ်တလောဦးနှောက်ရောင်ရောဂါလက္ခဏာစု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများတွင် ပုံမှန်အားဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်ထိ နီပါးရ် ဗိုင်းရပ်စ်ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေရှိသည့် လက္ခဏာများဖြင့် ဆေးရုံတက်ရောက်မှု ဖြစ်စဉ်များ မရှိပါ။
သံသယလူနာများတွင် နီပါးရ်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုရှိ/မရှိကို ဓာတ်ခွဲစစ်ဆေး သိရှိနိုင် ရန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိ ပြီးဖြစ်ပါသည်။ ပြည်သူ့ဆေးရုံများရှိ ကူးစက်ရောဂါလူနာဆောင်များတွင် လိုအပ်သည့် ဆေး ကုသမှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် နီပါးဗိုင်းရပ်စ်ကိုတိုက်ရိုက်သတ်နိုင်သောဆေးမပေါ် ပေါက်သေးသော်လည်း ဝေဒနာသက်သာစေရန် (Supportive Care) ရောဂါကုထုံးများဖြင့် ကုသပေးနိုင်ရေးအတွက် လိုအပ်သည့် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ပြီး ဖြစ်ကြောင်းသိရသည်။
ထို့ပြင် လူသားများ၏ ကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေး၊ ပတ်ဝန်းကျင်ကျန်းမာရေး တို့ကို တစ်ခုတည်းသောကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု မူဘောင် (One Health Approach) အရ နှီးနွယ်ဌာနဆိုင်ရာများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိစွာဖြင့် ဆောင်ရွက်ရန်လိုအပ်
မိဘပြည်သူများအနေဖြင့် မိမိတို့နိုင်ငံတွင် ယခင်က ကူးစက်ဖြစ်ပွားခဲ့ဖူးခြင်းမရှိသည့် အပြင် ယခုအချိန်တွင်လည်း ရောဂါကူးစက်ဖြစ်ပွားသူမရှိသည့် နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့် စပ်လျဉ်း၍ လူမှုကွန်ရက် အင်တာနက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသော ကောလာဟလ များနှင့် သတင်းအမှားများကို ယုံကြည်ခြင်း မပြုကြရန်လိုအပ်ပါသည်။ အဆိုပါရောဂါနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်ကြောင့်ကြခြင်းမရှိဘဲ ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အသိပေးနှိုးဆော်ချက်များနှင့် အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိသည့် သတင်းထုတ် ပြန်ချက်များကိုသာ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိစွာဖြင့် လိုက်နာကြပါရန် တိုက်တွန်း လိုက်ရပါသည်။
|
![]() |

