(၈၈)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ(၉)
     မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၈)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးကို (၉-၂-၂၀၂၆) ရက်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပသည်။
     အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ တပ်မတော်မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွယ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်၊ ဒုတိယဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်များ၊ မိတ်ဖက်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီတို့မှ တာဝန်ရှိသူများ၊ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများနှင့် လူမှုရေးအသင်းအဖွဲ့ များမှတာဝန်ရှိသူများတက်ရောက်ကြသည်။
     ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လူသား ချင်းစာနာထောက်ထားမှု လုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းများထဲတွင် ထူးခြားသည့် ဝိသေသ အရည်အချင်းနှင့် အရည်အသွေး များစွာရှိသော အဖွဲ့အစည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ကလည်း ဘေးအန္တရာယ်အမျိုးမျိုးကျရောက်သည့် ဒေသများတွင် လွတ်လပ်စွာ စေတနာအလျောက် ကူညီဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားပြီး ကျန်းမာရေးဝန်ကြီးဌာနမှလည်း လိုအပ်သည်များ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ထင်ရှားသည့် သာဓကအနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ၌ လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်တုံ့ပြန်ရေးတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များ သာမကအခြားပြည်နယ်၊ တိုင်းဒေသကြီးများမှ ကြက်ခြေနီစေတနာ လုပ်အားရှင်တွေကလည်း ငလျင်ဘေးသင့် ပြည်သူများထံ ချက်ခြင်း သွားရောက်ကူညီ ပေးခဲ့ကြတာကို အထင်အရှားတွေ့မြင် ခဲ့ရပါကြောင်း၊ သဘာဝဘေး အန္တရာယ်များ ကျရောက်ချိန်တွင် ပါဝင်ကူညီပေးခဲ့ကြသည့် ကြက်ခြေနီစေတနာ လုပ်အားရှင်များ၊ ကြက်ခြေနီလူငယ်များနှင့် ကြက်ခြေနီ ဝန်ထမ်းများအားလုံးကို မှတ်တမ်းတင် ဂုဏ်ပြုချီးကျူးပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် မြေပြင်၌ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ပြောကြားလိုပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင်ဘက်လိုက်မှုမရှိပဲ မျှတစွာ ပေးအပ်နိုင်ရေး၊ မသက် ဆိုင်သူများထံ မရောက်ရှိစေရေး၊ နိုင်ငံတော်က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် အဖွဲ့အစည်းများထံ အကူအညီ အထောက်အပံ့များ မရောက်ရှိစေရေး အလေးထားဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရေးပေါ်ထိခိုက် ဒဏ်ရာရသူများအတွက် လူနာသယ်ပို့စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက် ရှိသည်ကို တွေ့ရပါကြောင်း၊ ထိရောက်ကောင်းမွန်သည့် လူနာသယ်ပို့ စနစ် တစ်ခုဖြစ်အောင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် ပေးရန်တိုက်တွန်းလိုပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အမျိုးသားအဆင့်အဖွဲ့အစည်းဖြစ်သည်နှင့်အညီ လူသားချင်း စာနာထောက် ထားမှုလုပ်ငန်းများနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းများတွင် ကြက်ခြေနီအခြေခံမူများနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ပေးကြရန် လိုအပ်သလို နိုင်ငံအကျိုး၊ ပြည်သူလူထုအကျိုးအတွက် အထူးအလေးထားဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
     ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်က အသင်း၏ ၂၀၂၅ ခုနှစ်အတွင်း လူမှုကရုဏာလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး (၈၈)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးကို ဂုဏ်ပြုသောအားဖြင့် ကြက်ခြေနီလှုပ်ရှားမှု မှတ်တမ်း ဗီဒီယိုကိုပြသသည်။
     အဆိုပါ(၈၈)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၀ ရက် နှစ်ရက်တာကျင်းပသွားမည်ဖြစ်ပါသည်။