|
နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၉ ရက်
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၆) ကို (၁၉-၂-၂၀၂၆) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
|
|
![]() |
![]() |
| အစည်းအဝေးသို့ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ | |
![]() |
![]() |
| ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပြည်သူ့ဆေးရုံများတွင် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင်လည်း ဟန်ချက်ညီညီ ဝန်ဆောင်မှုပေးရန် လိုအပ်သည့်အတွက် စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရှိရမည့် အင်္ဂါရပ်များ၊ အချက်အလက်များ ပြည့်စုံစွာ တင်ပြလာပါက ကြန့်ကြာမှုမရှိဘဲ လိုင်စင်ခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း၊ ဆေးရုံဖွဲ့စည်းပုံများ ဆေးရုံအင်္ဂါရပ်နှင့် ညီညွတ်စွာ တည်ထောင်ဖွင့်လှစ်ရန် ရည်ရွယ်၍ ကြိုတင်ထောက်ခံချက် တင်ပြရန် အလေးထားဆောင်ရွက် လျက်ရှိပြီး အတည်ပြုထားသော ဗိသုကာပုံစံအတိုင်း တည်ဆောက်သွားရန် ထိန်းကျောင်းကြီးကြပ် လျက်ရှိကြောင်း၊ လိုင်စင်စည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက်သည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများကိုလည်း ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ လုံခြုံစိတ်ချရသည့် ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် ရည်ရွယ်၍ ပုဂ္ဂလိက ကုသမှုအထောက်အကူပြုသင်တန်း ကျောင်းလုပ်ငန်းများနှင့် ပုဂ္ဂလိက ပြင်ပလူနာခွဲစိတ်ကုသရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ်ကြပ်မတ်နိုင်ရန် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၆ ခုနှစ်)ကို ပြဋ္ဌာန်းခဲ့ကြောင်း၊ ပုဂ္ဂလိကကဏ္ဍတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် လူ့စွမ်းအားအရင်းအမြစ်များ မှန်ကန်စွာ အသုံးချနိုင်ရေးအတွက် မူဝါဒများ ချမှတ်ပေးလျက်ရှိပါကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။ | |
![]() |
![]() |
| ထို့နောက် ဗဟိုအဖွဲ့အတွင်းရေးမှူး၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသီတာလှက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းမှု၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းလိုင်စင်(အသစ်) လျှောက်ထားလာသည့်ကိစ္စရပ်များကို တင်ပြရာ ဗဟိုအဖွဲ့ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။ | |
![]() |
![]() |
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၆) ကျင်းပ
in








