မြန်မာနိုင်ငံဆေးပညာအဖွဲ့၏ အကြိမ်(၂၀)မြောက် ဆေးပညာညီလာခံဖွင့်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အဖွင့်အမှာစကားပြောကြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
     မြန်မာနိုင်ငံ ဆေးပညာအဖွဲ့၏ အကြိမ်(၂၀)မြောက် ဆေးပညာညီလာခံဖွင့်ပွဲကို (၂၆-၂-၂၀၂၆) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ Lotte Hotel ၌ ကျင်းပသည်။
     ညီလာခံဖွင့်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ အာဆီယံနိုင်ငံများနှင့် ပြည်တွင်းပြည်ပမှ ဆေးပညာအထူးကုဆရာဝန်ကြီး များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်များအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
     ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ညီလာခံကို “Empowering Physicians for Tomorrow’s Challenges” ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး နှစ်(၅၀)ခန့်သက်တမ်းရှိ မြန်မာနိုင်ငံဆေးပညာအဖွဲ့၏ အကြိမ် (၂၀) မြောက် ဆေးပညာညီလာခံဖြစ်သည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယနေ့ခေတ်ကာလတွင် ကမ္ဘာ့နိုင်ငံ အများအပြား၌ ကူးစက်တတ်သောရောဂါများ၊ မကူးစက်တတ်သောနာတာရှည်ရောဂါများ၊ ပိုးသတ်ဆေး ယဉ်ပါးမှုများ၊ မျှော်မှန်းလူ့သက်တမ်းမြင့်မားလာပြီး သက်ကြီးရွယ်အို လူဦးရေများပြားလာခြင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် လူနေမှုဘဝပုံစံများ ပြောင်းလဲလာခြင်းများကြောင့် ဆေးပညာ လောကတွင် စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ ဆေးပညာရှင်များအနေဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်အောင် နိုင်ငံတကာ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ခေတ်မီဆေးကုသမှုနှင့် ရောဂါရှာဖွေရေးနည်းပညာများကို အသုံးချနိုင်အောင် ကြိုးပမ်းလေ့လာဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ တိုးတက်ပြောင်းလဲလာသည့်ခေတ်စနစ်၊ နည်းပညာများနှင့်အညီ Telemedicine၊ အီလက် ထရောနစ် ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်း (Electronic Health record)နှင့် AI နည်းပညာများ၊ Evidence Based Medicine များကို အသုံးချပြီး လူနာများအား ကုသမှုအရည်အသွေးများ မြှင့်တင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက် မှုများပေးရာတွင် ပြည်သူများ လက်လှမ်းမီနိုင်စေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပြည်သူ့ဆေးရုံကြီးများအား အဆင့်မြှင့်တင်ခြင်း၊ ဆေးကုသဆောင်များ တိုးချဲ့တည်ဆောက်ခြင်း၊ အဆင့်မြင့်ရောဂါရှာဖွေရေးလုပ်ငန်းများအတွက် ခေတ်မီစက်ကိရိယာများဆောင်ရွက်ခြင်း၊ အဆင့်မြှင်တင်ခြင်း၊ အခြေခံဆေးဝါးနှင့်ဆေးပစ္စည်းများ စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးခြင်းတို့ကို နိုင်ငံတော်မှ ရန်ပုံငွေအမြောက်အမြားအသုံးပြု၍ အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၌လေ့ကျင့်သင်ကြားပေးခြင်းအပါအဝင် နိုင်ငံတကာသို့ ပညာတော်သင်များ စေလွှတ်ခြင်း၊ Hand On Training များ စေလွှတ်ခြင်း၊ ပညာရပ်ဆိုင်ရာနှင့် အထူးပြုဘာသာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများနှင့် ညီလာခံများသို့ မျိုးဆက်သစ်ဆေးပညာရှင်များအား မူဝါဒချမှတ်စေလွှတ် ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အရည်အသွေးပြည့်ဝသော မျိုးဆက်သစ်ဆေးပညာ ရှင်များ ပေါ်ထွန်းလာစေရေးနှင့် တိုးတက်ပြောင်းလဲလာသော ဆေးပညာရပ်များကို လေ့လာသင်ယူ နိုင်စေရေးအတွက် ဆေးပညာသင်ရိုးညွှန်တမ်းများ ပြင်ဆင်ရေးဆွဲခြင်း၊ အထူးပြုဘာသာရပ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းသားများ မွေးထုတ်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးပညာဘာသာရပ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင် အရည်အသွေးပြည့်ဝသော ဆေးပညာရှင်များ ပေါ်ထွက်လာရေး လေ့ကျင့်သင်ကြားပေးရာတွင် မြန်မာနိုင်ငံဆေးပညာအဖွဲ့၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ မျိုးဆက်သစ်ဆေးပညာရှင်လူငယ်များကလည်း ဆေးပညာကျင့်ဝတ်နှင့်အညီ ပြည်သူများကို ကုသမှုပေးရမည်ဖြစ်ပါကြောင်း၊ ယခုညီလာခံ၌ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်စသည့် အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံများမှ ဆေးပညာရှင်များတက်ရောက်၍ ၎င်းတို့၏အတွေ့အကြုံ၊ ဗဟုသုတများ၊ ပြောင်းလဲလာသည့် ဆေးကုသမှုလုပ်ငန်းစဉ်များကို အပြန်အလှန်မျှဝေကြမည်ဟု သိရသည့်အတွက် အကျိုးရှိသော ညီလာခံတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆေးပညာရပ်ဆိုင်ရာ ဖွံဖြိုးတိုးတက်မှုနှင့် မျိုးဆက်သစ်ဆေးပညာရှင်များအတွက် အတွေ့အကြုံကောင်းများ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
     ထို့နောက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာအေးအေးချစ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
     အဆိုပါညီလာခံကို ဖေဖော်ဝါရီ (၂၆) ရက်နှင့် (၂၇) ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ပြည်တွင်းပြည်ပမှဆေးပညာရှင် (၆၃၅)ဦး တက်ရောက်ကြကာ နိုင်ငံတကာ ဆေးပညာရှင် (၁၉)ဦးက စာတမ်းများဖတ်ကြားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ဆေးပညာရှင်များနှင့်ပူးပေါင်း၍ နိုင်ငံတကာမှ ဆေးပညာရှင်များက ဆေးပညာရပ်ဆိုင်ရာ ဗဟုသုတများ၊ ကုသမှုအတွေ့အကြုံများ၊ ဆေးကုသမှုနည်းလမ်းများ မျှဝေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။