|
နေပြည်တော်၊ မတ်လ (၁၁) ရက်
မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို လေ့လာခြင်း သုတေသန အစီရင်ခံစာ အသိပေးတင်ပြခြင်း အခမ်းအနားကို (၁၁-၃-၂၀၂၆) ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ Meeting Hall ၌ ကျင်းပသည်။
|
|
![]() |
![]() |
| အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ ကမ္ဘာတစ်ဝန်းတွင် နှလုံးသွေးကြောရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ ကင်ဆာရောဂါ အစရှိသည့် မကူးစက်နိုင်သောရောဂါများကြောင့် နှစ်စဉ် လူဦးရေ ၄၃ သန်းကျော် သေဆုံးနေရပါကြောင်း၊ အဆိုပါသေဆုံးမှုများ၏ ၈၀ ရာခိုင်နှုန်းကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်မညီညွတ်သည့် အစားအသောက်များစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများသုံးစွဲခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်းစသည့် အကြောင်းအရင်းများကြောင့် သွေးပေါင်ချိန်တက်ခြင်း၊ သွေးတွင်းအချိုဓာတ်နှင့် အဆီဓာတ်များခြင်း၊ အဝလွန်ခြင်းကဲ့သို့သော ရောဂါဖြစ်ပွားနိုင်ခြေများ မြင့်မားလာစေပါကြောင်း၊ ရောဂါဖြစ်ပွားလာပါက ကုသစရိတ်အတွက် နိုင်ငံတော်ဘဏ္ဍာငွေ အမြောက်အများ ကျခံသုံးစွဲရခြင်း၊ ရောဂါကြောင့် အရွယ်မတိုင်မီ သေဆုံးရခြင်းများကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို များစွာအဟန့်အတား ဖြစ်စေပါကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားသေဆုံးမှုမြင့်တက်လာခြင်းသည် ပြည်သူ့ကျန်းမာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါကြောင်း၊ ဗဟိုအဆင့်ဆေးရုံကြီးများမှ ကျေးလက်ကျန်းမာရေးဌာနခွဲများအထိ ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိနိုင်ရေးအတွက် ရောဂါစစ်ဆေးပေးခြင်းနှင့် ရောဂါဖြစ်ပွားပါက ထိရောက်သော ကုသမှုပေးခြင်းကို ပြည်သူလူထု တစ်ရပ်လုံး လက်လှမ်းမီနိုင်စေရန်နှင့် ပြည်သူများ စိုက်ထုတ်ကျခံသုံးစွဲရမှု လျော့နည်းစေရေး နိုင်ငံတော်မှ အထူးအလေးထား စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို STEPS Survey နည်းလမ်းဖြင့် လေ့လာခြင်း သုတေသနကို မြန်မာနိုင်ငံတွင် (၂၀၀၃) ခုနှစ်၊ (၂၀၀၉) ခုနှစ်၊ (၂၀၁၄) ခုနှစ် တို့တွင် ဆောင်ရွက်ခဲ့ပြီး (၂၀၂၄) ခုနှစ်တွင် စတင်၍ (၂၀၂၅) ခုနှစ်တွင် ပြီးစီးခဲ့သည့် သုတေသန အပါအဝင် စုစုပေါင်း (၄) ကြိမ် ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် (၂၀၁၄) ခုနှစ် သုတေသနရလဒ်များနှင့် နှိုင်းယှဉ်သည့်အခါ သွေးတိုးရောဂါ ဖြစ်ပွားမှုနှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုတို့မှာ အနည်းငယ်လျော့ကျလာပြီး ပြည်သူလူထုအတွင်း အခြေခံ ဆေးဝါးများရရှိမှုအခြေအနေ တိုးတက်မြင့်မားလာသည်ကို တွေ့ရှိရသော်လည်း သွေးတွင်း သကြားဓာတ်နှင့် သွေးတွင်းအဆီဓာတ်များခြင်း၊ ခန္ဓာကိုယ်အလေးချိန်များခြင်း ကဲ့သို့သော ရောဂါ ဖြစ်ပွားနိုင်ခြေအများစုသည် ပိုမိုမြင့်တက်လာသည်ကို တွေ့ရှိရပါကြောင်း၊ (၂၀၃၀) ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် ပတ်သက်၍ ကျန်းမာရေးကဏ္ဍအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံတွင် လူတိုင်း လက်လှမ်းမီ လွှမ်းခြုံနိုင်သည့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုကို သက္ကရာဇ် (၂၀၃၀) တွင် ပြည့်မီရန် ရည်မှန်းထားသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုမှ လိုအပ်လျက်ရှိသည့် လူမှုစီးပွားဘဝ ထိခိုက်လာသည်အထိ ကျန်းမာရေးအတွက် ငွေကြေး စိုက်ထုတ်သုံးစွဲရမှု ကုန်ကျစရိတ်များကို ကာကွယ်နိုင်ရန် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။ | |
![]() |
![]() |
| အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ စီမံချက် မန်နေဂျာများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့မှ ဥက္ကဌနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ | |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို လေ့လာခြင်းသုတေသန အစီရင်ခံစာ အသိပေးတင်ပြခြင်း အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်
in










