နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇူလိုင်လ (၁၁) ရက်နေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ပြုလုပ်ခဲ့သည့် Mobile Tablet အသုံးပြု၍ တစ်နိုင်ငံလုံးရှိ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) များအတွက် မွမ်းမံသင်တန်း ပေးနိုင်ရန် ဆရာများအားသင်တန်းပေးခြင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -
• မိမိတို့မြန်မာနိုင်ငံတွင် အင်တာနက်ကွန်ရက်ဆက်သွယ်မှုများ၊ အီလက်ထရောနစ်ကိရိယာများ ပိုမို တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အညီ ဝန်ကြီးဌာန၏ မွမ်းမံသင်တန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများကို ယခု COVID-19 ဖြစ်ပွားနေသည့်ကာလမှ စတင်၍ အင်တာနက်ကွန်ရက်အသုံးပြုသင်ကြားသင်ယူမှု (e learning) စနစ်ဖြင့် ပိုမို အားဖြည့်ပြုလုပ်တော့မည် ဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် (၁၂) ခုရှိ အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများ၊ တိုက်နယ်နှင့် မြို့နယ်ဆရာဝန်များထံ Mobile Tablet စုစုပေါင်း (၂၀,၀၀၀) ကျော်ကို ဖြန့်ဝေ ခဲ့ပြီးဖြစ်သဖြင့် ၎င်း Mobile Tablet များမှ တစ်ဆင့် အမျိုးမျိုးသော ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဘာသာရပ်များအား စနစ်တကျ စီမံချက်များရေးဆွဲကာ မွမ်းမံသင်တန်းများပေးခြင်းများ ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊
• ကျန်တိုင်းဒေသကြီး/ ပြည်နယ် (၅) ခုသို့လည်း Mobile Tablet များ ဆက်လက်ဖြန့်ဝေရန် စီစဉ်လျက်ရှိပါကြောင်း၊
• အဆိုပါ Mobile Tablet များတွင် လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုဆိုင်ရာ စာအုပ်စာတမ်းများ၊ အသုံးချ application များထည့်သွင်းထားရှိပြီး ဖြစ်ပါကြောင်း၊ ၎င်း Mobile Tablet များကို ဝန်ကြီးဌာနမှ ပြုလုပ်ကျင်းပလျက်ရှိသော Videoconferencing အစည်းအဝေးများတက်ရောက်ရာတွင်လည်း စတင်အသုံးပြုလျက်ရှိနေပြီဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာန၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ရှေ့တန်းမှဆောင်ရွက်နေသည့် အခြေခံ ကျန်းမာရေးပညာရှင်ဝန်ထမ်းများ၏ အသိပညာဗဟုသုတမြင့်မားခြင်း၊ စွမ်းဆောင်ရည်မြင့်မား ခြင်းဖြင့် ဝန်ကြီးဌာန၏ ပညာရှင်ဝန်ထမ်းတစ်ဦးချင်းစီအတွက် အကျိုးရှိရုံသာမက ၎င်းတို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ပြည်သူများအတွက်လည်း များစွာအကျိုးရှိစေမည်ဖြစ်ပါ ကြောင်း၊
• လက်ရှိစာရင်းများအရ ကျေးလက်ကျန်းမာရေးဌာန (၁,၈၄၉)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲပေါင်း (၈,၇၀၀)ခု၊ မိခင်ကလေးကျန်းမာရေးဌာန (၃၄၈) ခုနှင့် ဒေသန္တရကျန်းမာရေးဌာန/ ဌာနခွဲ (၉၃) ခုတို့တွင် အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်း (၃၀,၀၀၀) ကျော်ခန့် တာဝန်ထမ်းဆောင်နေပါကြောင်း၊
• အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများက ကျေးလက်တောရွာများဒေသများ၌ Mobile Tablet တွင်ပါဝင်သော ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များ (Standardized Health Messages)နှင့် အသုံးချ ကျန်းမာရေးအသိပညာပေး application များကို အသုံးပြုကာ "ကျန်းမာရေး စကားဝိုင်းငယ်"များကို ပြုလုပ်လျက်ရှိရာ ရေရှည်ကာလ၌ ပြည်သူများတွင် ကျန်းမာရေးအသိပညာ ဗဟုသုတများ ကြွယ်ဝလာမည်ဖြစ်ပါကြောင်း၊
• ကျန်းမာရေးအသိပညာဗဟုသုတကြွယ်ဝကာ ကျန်းမာရေးကောင်းမွန်စေသည့် နေထိုင်စားသောက်မှု ပုံစံများကို ပြုမှုကျင့်ကြံခြင်းနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာခြင်းတို့ဖြင့် ပြည်သူများ ပိုမိုကျန်းမာလာကြမည်ဖြစ်ပါကြောင်း၊
• ပြည်သူများတွင် ရောဂါဖြစ်ပွားမှုများနည်းပါးလာခြင်းဖြင့် ၎င်းရောဂါများကိုကုသရန် အသုံးပြုရမည့် ဝန်ကြီးဌာန၏ ဘဏ္ဍာငွေကုန်ကျမှုလည်းနည်းပါးလာမည်ဖြစ်သဖြင့် အဆိုပါ ဘဏ္ဍာငွေများကို အဆင့်မြင့် စက်ပစ္စည်းကိရိယာများဝယ်ခြင်း၊ ဆေးရုံ အဆင့်မြှင့်တင်ခြင်းတို့ အပါအဝင် ကျန်းမာရေးစနစ် ပိုမိုတိုးတက်ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြုပ်နှံဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊
• ဤဆရာဖြစ်သင်တန်းမှ စတင်၍ ဆက်လက်ပြုလုပ်မည့် ဆင့်ပွားသင်တန်းများအား တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အလိုက် ပြုလုပ်ရန် အစီအစဉ်ရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက်၊ အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းအဆင့် အလိုက် Mobile Tablet တွင် ပါဝင်သော ကျန်းမာရေးအသိပညာဗဟုသုတ၊ လုပ်ငန်း လမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများအား နားလည်မှုနှင့် အသုံးချနိုင်မှုတို့ အပါအဝင် Mobile Tablet အား အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်စေရန် ရည်ရွယ်ကာ ထိုက်တန်သော ဆုကြေးငွေများ ပေးအပ်မည့် ပြိုင်ပွဲများကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ယခုနှစ်အတွင်း ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာနမှ ကျင်းပခဲ့သော အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများညီလာခံတွင် ဆွေးနွေး အကြံပြုချက်များကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားစေလိုပါကြောင်း၊
• ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိစေရန်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက်နှာများကို ပုံမှန်လေ့လာကြည့်ရှုကြစေ လိုပါကြောင်း၊
• ယခုကဲ့သို့ မွမ်းမံသင်တန်းများသာမက ဝန်ကြီးဌာနရှိ eHealth ဌာနခွဲမှ Mobile Tablet များကို အသုံးပြု၍ မိမိကိုယ်တိုင် စိတ်ကြိုက်အချိန်တွင် လေ့လာလိုသည် သင်ခန်းစာအား လေ့လာသင်ယူ နိုင်သောသင်တန်း (Self-Paced E-Learning) သင်ခန်းစာများကိုလည်း ရေးဆွဲဆောင်ရွက်လျက် ရှိရာ ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် အကျိုးရှိထိရောက်စွာ အသုံးချကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ)ဒေါက်တာထင်လင်းက သင်တန်းနှင့် ပတ်သက်၍ အကျဉ်းချုံးတင်ပြခဲ့ပါသည်။
အဆိုပါ ဆရာဖြစ်သင်တန်းသို့ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဒုတိယတိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် မြို့နယ်ကျန်းမာရေးမှူးများတက်ရောက်ခဲ့ပြီး (၃) ရက်တာ သင်တန်းပြုလုပ်သွားမည်ဖြစ်ပါသည်။