ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၏ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ချက်များအား ကွင်းဆင်းကြည့်ရှုခြင်း (4-12-2021)

ရန်ကုန်တိုင်းဒေသကြီး (၄-၁၂-၂၀၂၁) ရက်နေ့

    ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခချုပ် ဒေါက်တာသီတာလှ (ဆေးရုံအုပ်ကြီး/ကုသရေး)နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ (၄-၁၂-၂၀၂၁) ရက်နေ့၊ မွန်းလွဲပိုင်းတွင် အထူးကုဆေးရုံကြီး (ကုတင်-၅၀၀)သို့ ရောက်ရှိပြီး ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းအောင်ကြည်နှင့် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှာစကား ပြောကြားရာတွင် ယခုလို ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ စုံစုံညီညီတွေ့ရ၍ ဝမ်းသာကြောင်း၊ အထူးကုသမားတော်ကြီးများအနေဖြင့် ပြည်သူလူထုအကျိုးကို ရှေးရှု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း၊ ယခုအထိ ကျန်းမာရေးဝန်ထမ်း (၇၀,၀၀၀)ကျော် လုပ်ငန်းခွင်ပြန်လည် ဝင်‌ရောက်ပြီဖြစ်ကြောင်း၊ အချို့ဆေးရုံများသည် လက်ခံကုသမှုပေးနိုင်သော အခြေအနေရှိသော်လည်း လက်ခံကုသမှုအားနည်းလျက်ရှိနေသေးကြောင်း၊ သို့သော် အချို့တိုက်နယ်ဆေးရုံများ၊ မြို့နယ်ဆေးရုံများတွင် ဆရာဝန်တစ်ယောက်တည်းရှိသော်လည်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပြင် ခွဲစိတ်ကုသမှုပေးခြင်း၊ ကလေးမွေးဖွားပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ရောဂါကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ချက်များမှာလည်း အားရကျေနပ်စရာကောင်းကြောင်း၊ Liquid Oxygen ကို ယခင်ကသင်္ဃန်းကျွန်းစံပြဆေးရုံကြီး တစ်ခုတွင်သာ Pilot Project အဖြစ် အသုံးပြုနိုင်ခဲ့ပြီး တတိယလှိုင်းကာလတွင် မြို့နယ်အဆင့် ဆေးရုံများတွင်ပါ အသုံးပြုနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ခွဲစိတ်မှုများ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ပါက Package အလိုက် ကန်ထရိုက်စနစ်ဖြင့်  ငှားရမ်းဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးမည် ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသို့ အသည်း၊ ကျောက်ကပ် အစားထိုးကုသမှုဆိုင်ရာ ပညာတော်သင်များစေလွှတ်ရေးအတွက် သက်ဆိုင်ရာဘာသာရပ်အသီးသီးမှ အထူးကုဆရာဝန်များကို နိုင်ငံတော်အစီအစဉ်ဖြင့် စေလွှတ်နိုင်ရန်စီစဉ်သွားမည် ဖြစ်ပါကြောင်း၊  အသည်းအစားထိုးခွဲစိတ်ကုသမှုနှင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို အမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်အောင် ကြိုးစားစေလိုပါကြောင်း၊  ပြည်သူများ၏ အကျိုးကိုရှေးရှု၍ စေတနာထက်သန်စွာဖြင့် ဆေးကုသမှုလုပ်ငန်းများကို ဆောင်ရွက်စေလိုပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။


 

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက COVID-19 ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်သာမက ကျေးရွာများအထိ ကာကွယ်ဆေးများ ထိုးနှံနိုင်၍ ပြည်သူများမှ အထူးကျေးဇူးတင် ဝမ်းမြောက်လျက်ရှိသည်ကို ကြားသိရပါကြောင်း၊ ရန်ကုန်တိုင်းတွင်နေ့စဉ် လူဦးရေ (၅၀,၀၀၀)ကျော်ကို ကာကွယ်ဆေးထိုးနှံပေးနိုင်နေ၍ ကျေးဇူးတင်ကြောင်း၊ COVID-19 ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းအတွက် လက်ရှိအသုံးပြုလျက်ရှိသော The Vaccination Management Information System (VMIS) သည်  Asian-Oceanian Computing Industry Organization (ASOCIO)  မှ ချီးမြှင့်သည့် ASOCIO ICT Award ၏ Digital Government Award 2021 ဆုကို ရရှိခဲ့ပါကြောင်း၊ အသက် (၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသား များအား ကာကွယ်ဆေးထိုးနှံရာတွင်  မူလမျှော်မှန်းထားသည့် ကျောင်းတက် ကျောင်းသားဦးရေထက် ပိုမိုထိုးနှံနိုင်သည်ကို သိရှိရကြောင်း၊ ထို့အပြင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများကိုလည်း တက္ကသိုလ်များဖွင့်လှစ်ချိန်တွင် ကာကွယ်ဆေးထိုးနှံနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊  ယခု နောက်ဆုံးထွက်ပေါ်လာသည့် မျိုးရိုးဗီဇပြောင်း COVID-19  ရောဂါပိုး Omicron ကူးစက်ဖြစ်ပွားမှုအား ကာကွယ်ရန် ရောဂါကာကွယ်၊ ကုသ၊ ထိန်ချုပ်‌ရေး လုပ်ငန်းများကို ဂရုတစိုက်ဆောင်ရွက်ကြစေလိုကြောင်း လမ်းညွှန်မှာကြားပြီး တက်ရောက်သူများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့် ပါမောက္ခချုပ်များက ပြန်လည် ဆွေးနွေးကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
     ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီးသို့ရောက်ရှိပြီး COVID-19 ရောဂါ ပြင်းထန် လူနာများကုသရန် ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အထူးကြပ်မတ်ကုသဆောင်၊ လူနာဆောင်များ၊ အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ဓါတ်မှန်ဌာနများသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပါသည်။


 

    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းလွင်နှင့် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှာစကား ပြောကြားရာတွင် မြောက်ဥက္ကလာပအထွေထွေရောဂါကု ဆေးရုံကြီးသည် ဗဟိုအဆင့် ဆေးရုံများ အနက် လူနာအများဆုံး လက်ခံကုသပေးနေသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ အတွင်းလူနာစုစုပေါင်း (၅၀၀)ခန့် လက်ခံကုသမှုပေးနေကြောင်း သိရှိရသည့်အတွက်လည်း ကျေးဇူးတင်ပါကြောင်း၊ မြောက်ဥက္ကလာပအထွေထွေရောဂါကု ဆေးရုံကြီးသည် ဆေးပညာသင်ကြားရေး ဆေးရုံကြီးဖြစ်သည်နှင့်အညီ မကြာခင် ပြန်လည်ဖွင့်လှစ်တော့မည့် နောက်ဆုံးနှစ် အပိုင်း(ခ)ပုံမှန်နှင့် နောက်ဆက်တွဲအတန်းများအတွက် သင်ကြားရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလုပ်ပြန်လည်ဝင်ရောက်လိုသော ဆရာဝန်၊ သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများအား ကြိုဆိုလျက်ရှိပါကြောင်း၊ လုပ်ငန်းခွင်မှ ဝေးကွာလျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ သက်ဆိုင်ရာအလုပ်ဌာနများသို့ ပြန်လည်ဝင်ရောက်ပါက ပြည်သူလူထုအတွက် လွန်စွာအကျိုးရှိပါကြောင်း၊ Omicron variant နှင့်ပတ်သက်၍ တစ်ဖက်တွင် ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ကုသရေးအပိုင်းတွင်လည်း အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင် ထားရန်လိုအပ်ကြောင်း၊ အဓိကအားဖြင့် ဆေးရုံကုတင်လိုအပ်မှု HDU၊ ICU နှင့် အောက်ဆီဂျင် လိုအပ်ချက်များကို Check List များဖြင့် အကောင်းဆုံး ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ နိုင်ငံခြား ပညာတော်သင် သွားရောက်ပြီးပါက ဝန်ကြီးဌာနသို့  အလုပ်တာဝန်များ ပြန်လည်ထမ်းဆောင်မှုမရှိခြင်းသည် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ဆုံးရှုံးနစ်နာမှု တစ်ရပ်ပင် ဖြစ်ပါကြောင်းနှင့်  ယခုနှစ်တွင် ဘွဲ့လွန်ကျောင်းသား (၃၀၀) ကျော်ရှိပြီး လာမည့်နှစ်တွင် တက်ရောက်သူ ဦးရေတိုးတက်အောင် စည်းရုံးရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့အိတ်ကပ်ထဲမှ စိုက်ထုတ်သုံးစွဲရသည့် ကျန်းမာရေး ကုန်ကျစရိတ်နည်းအောင် ဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။


 

    ဆက်လက်၍ Covid-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြောကြားသည်မှာ နယ်စပ်များတွင် အသက် (၁၈) နှစ်အထက်ရှိသူ အားလုံးအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါကြောင်း၊ Tourist Attraction Site စီးပွားရေးစက်မှုဇုန်များကိုလည်း အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်ပါကြောင်း၊ Covid-19 Treatment Centre ၊ Quarantine Center များကိုလည်း အဆင်သင့်ဖြစ်အောင် ပြန်လည်ပြင်ဆင်ထားရန်လိုအပ်ပါကြောင်း၊ Liquid Oxygen နှင့် 40 Litre Oxygen လိုအပ်ချက်များကိုလည်း သေချာစွာတွက်ချက်ထားရန်လည်း အရေးကြီးပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် လိုအပ်သည့် ဆေးဝါးများကို လုံလောက်မှုရှိစေရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယခုအချိန်အထိတွေ့ရှိချက်များအရ Omicron Variant သည် ပြန့်ပွားမှုမြန်သော်လည်း ရောဂါလက္ခဏာ အလွန်ပြင်းထန်မှုမရှိကြောင်းနှင့် မိမိတို့နိုင်ငံအနေဖြင့် ကာကွယ်ဆေးထိုး လွှမ်းခြုံမှု အသင့်အတင့်မြင့်သည့်အတွက် ပေါ့ဆ၍မရသလို အလွန်အမင်း စိုးရိမ်ရန်မလိုအပ်ကြောင်း၊ ဝန်ထမ်းများ၏ ဘဝတက်လမ်း တိုးတက်ရေးနှင့် သက်သာချောင်ချိရေးအတွက် ဝန်ကြီးဌာနအနေဖြင့် အကောင်းဆုံးဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

More Tags