နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်
ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန Central Command Center ၌ ၂၀၂၂-ခုနှစ်၊ ဧပြီလ ၇ ရက်နေ့၊ နေ့လယ်(၂:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဗဟိုအဆင့်ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး/ပြည်နယ် ကုသရေးဦးစီးဌာနများ၊ ပြည်သူ့ဆေးရုံများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တတ်စွမ်းသမျှ ဆောင်ရွက်ပေးနေကြသည်ကို အသိအမှတ်ပြုကျေးဇူးတင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကပ်ရောဂါအသွင်ဖြစ်ပွားမှုကြောင့် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ ပညာသင်ကြားရေး လုပ်ငန်းများ နှောင့်နှေးရခြင်းများ ရှိခဲ့သဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး လုပ်ငန်းများ ပြန်လည် ကုစားဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှုမှာ အဓိကကျခြင်းကြောင့် ကာကွယ်ဆေးထိုးလုပ်ငန်းများကို စဉ်ဆက်မပြတ် အားဖြည့်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှုအားကောင်းအောင် ဆောင်ရွက်ပေးနေကြသည့် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးသည် ရာသီဥတု အခြေအနေပေါ်လည်း မူတည်သည်ဖြစ်ရာ လာမည့်မိုးရာသီကာလမတိုင်မီ ကာကွယ်ဆေးထိုး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ပြီး ကျန်ရှိနေသေးသည့် လူဦးရေကို လွှမ်းခြုံနိုင်စေရေး ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊
ကာကွယ်ဆေးအမျိုးအစားအရ အသုံးပြုရမည့် ပုံစံများ ကွဲပြားသည်ဖြစ်ရာ ဆေးအမျိုးအစားအလိုက် လိုက်နာရမည့် လုပ်ငန်းလမ်းညွှန်များကို စနစ်တကျရေးဆွဲ ပြဋ္ဌာန်း၍ ဆောင်ရွက်နေပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း ကာလ အတွေ့အကြုံများကို အခြေပြု၍ ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင်လိုအပ်ချက်နှင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးဆိုင်ရာ ဆေးဝါးများကို လုံလောက်အောင် ဖြည့်ဆည်းထားပြီး အထူးကြပ်မတ်ကုသမှု ဆောင်ရွက်နိုင်မည့် ခုတင်အရေအတွက် ကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေကြသကဲ့သို့ တစ်ဘက်၌လည်း ကျန်ရှိသည့် ပုံမှန် ဆောင်ရွက်ကြရမည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မလစ်ဟင်းစေရေး အားထုတ်ကြိုးပမ်းစေလိုပါကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် မကူးစက်နိုင်သောရောဂါများ ကုသမှုများကိုလည်း ပုံမှန် ဆောင်ရွက်နိုင်မှသာ အခြားကူးစက်ရောဂါများ ဖြစ်ပွားမှုလျော့နည်းခြင်း၊ နာတာရှည်ရောဂါများ ကုသနိုင်ခြင်းတို့ကြောင့် ပြည်သူလူထု၏ ကျန်းမာရေးအတွက် ရေရှည်အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများအနေဖြင့် မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် လိုအပ်ချက်များကို အသိဆုံးဖြစ်သဖြင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အလှူရှင်များနှင့် လုပ်ငန်းပူးပေါင်း ဆောင်ရွက်ရာတွင် ထိရောက်စွာ အကျိုးပြုနိုင်စေရေးအတွက် အမှန်တကယ် လိုအပ်သည့် နေရာများ၌ အသုံးပြုနိုင်အောင် ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ သက်ဆိုင်ရာဆေးရုံ၊ ဌာနအလိုက် ခွဲဝေထားသော ရန်ပုံငွေ အသုံးပြုရာတွင် စည်းစနစ်တကျ ဆောင်ရွက်ရန်နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာပြီး ပွင့်လင်းမြင်သာမှုရှိစွာ အသုံးပြု၍ စာရင်းစစ်ဆေးမှုခံယူနိုင်စေရေး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဆေးဝါးဝယ်ယူရေးရန်ပုံငွေ များကိုလည်း မကြာမီခွဲဝေမည်ဖြစ်ရာ ဆေးဝါးများ ဝယ်ယူရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ၊ ပြည်သူ့ ဆေးရုံများ ဝယ်ယူသည့် ဆေးဝါးမထပ်စေရေးနှင့် အမှန်တကယ် လိုအပ်မည့် ဆေးဝါးများကို ဝယ်ယူရေး အတွက် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံမှ ထုတ်လုပ်သော ဆေးဝါးများ ကိုလည်း ဝယ်ယူခြင်းဖြင့် ဈေးနှုန်းသက်သာစွာဖြင့် စိတ်ချရသည့် ဆေးဝါးများကို ရရှိနိုင်ပါကြောင်း၊ ပြည်သူ့ဆေးရုံများ၏ ဆေးကုသရေးလုပ်ငန်းဆောင်ရွက်ချက်များကို စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး ပြည်သူ့ဆေးရုံများ အထူးသဖြင့် ဗဟိုအဆင့်ဆေးရုံများအနေဖြင့် ကုသရေးလုပ်ငန်းများကို ယခုထက် ပိုမိုတိုးမြှင့်နိုင်စေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးကုဘာသာရပ်များ၏ ခွဲစိတ်ကုသမှုများကိုလည်း တိုးမြှင့်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မကြာမီကာလ၌ ဆေးတက္ကသိုလ်များမှ ဘွဲ့ကြို ပုံမှန်သင်တန်းများပြီးစီးပြီး အလုပ်သင်ဆရာဝန်များ လက်တွေ့တာဝန်ထမ်းဆောင်ကြမည်ဖြစ်ရာ အလုပ်သင်ဆရာဝန်များအား ဆေးကုသမှုများတတ်မြောက်စေရေး ရည်မှန်း၍ စနစ်တကျလေ့ကျင့် သင်ကြားပေးနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြစေလိုပါကြောင်း၊ ဆေးကုသရေးလုပ်ငန်းများ အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၏ အခန်းကဏ္ဍသည်လည်းများစွာ အထောက်အကူပြုပါသဖြင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၏ လုပ်ငန်းလိုင်စင်ရရှိရေးအပါအဝင် လုပ်ငန်းများ မြန်ဆန်အောင် ဆောင်ရွက်ပေးရန်နှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက် စေရေးအတွက် ကြီးကြပ်ပံ့ပိုးဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့က ဆွေးနွေးအမှာစကားပြောကြားကြပြီး ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များ ဖြည့်ဆည်းဆွေးနွေးခဲ့ကြပါသည်။