ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်သူ့ဆေးရုံ-တပ်ကုန်းမြို့၊ ညောင်လွန့် ကျေးလက်ကျန်းမာရေးဌာနနှင့် ခရိုင်ပြည်သူ့ဆေးရုံ-ရမည်းသင်းမြို့များသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေး (20-11-2023)

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ( ၂၀ )ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ယနေ့နေ့လယ်ပိုင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ သူများနှင့် နေပြည်တော်ကုသရေးဦးစီးဌာနမှူးတို့လိုက်ပါလျှက် ပြည်သူ့ဆေးရုံ-တပ်ကုန်း မြို့သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအတွင်းရှိ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ Oxygen Plant၊ ပြင်ပလူနာဌာန၊ အထူးကုပြင်ပလူနာဌာန၊ ခွဲစိတ်ဆောင်နှင့် ဆေးကုသဆောင်များသို့ လှည့်လည်ကြည့်ရှုပြီးနောက် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကာ အမှာစကား ပြောကြားခဲ့ပါသည်။ အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ဆေးရုံများတွင် ဆေးဝါး၊ ဆေးပစ္စည်းများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးထား၍ လိုအပ်ချက်ရှိပါက ပြန်လည် တင်ပြရန်၊ လူနာများစိတ်ချမ်းသာစွာ ဆေးကုသမှုခံယူနိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်သူများ အားကိုးရသည့် ဆေးရုံတစ်ရုံ ဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းကြရန်၊ ယခုအခါ အထူးကု ပြင်ပလူနာဌာနများကိုလည်း တိုးမြှင့်ဖွင့်လှစ်ထားသည့်အတွက် ပြည်သူများအား စနစ်တကျ ဝန်ဆောင်မှု ပေးရန်၊ အထူးကုကွင်းဆင်းခရီးစဉ်များကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ လိုအပ်သည့်နေရာများတွင် သွားရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပါသည်။

 

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်လွန့်ကျေးလက်ကျန်းမာရေးဌာန သို့ရောက်ရှိလာကာ ဗဟိုတိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းမှ ဆောင်ရွက်နေသော ကာကွယ်ဆေးများကို ရည်မှန်းဦးရေ ပြည့်မီအောင် ထိုးနှံပေးရန်၊ မိခင်နှင့်ကလေး ကျန်းမာရေးကို အလေးထားဆောင်ရွက်ရန်၊ ၊ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို အရှိန်ဟုန်မပျက်ဆောင်ရွက်ရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်း ဒေသကြီးရှိ ခရိုင်ပြည်သူ့ဆေးရုံ-ရမည်းသင်းမြို့သို့ ရောက်ရှိကာ ပြည်ထောင်စုဝန်ကြီးသည် ခရိုင်ပြည်သူ့ဆေးရုံအတွင်းရှိ သွားနှင့်ခံတွင်းဌာန၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ခွဲစိတ်ခန်းနှင့် ဆေးကုသဆောင်များသို့ လှည့်လည်ကြည့်ရှုပြီးနောက် လူနာများအား အားပေးစကား ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ရန်၊ ကူးစက်ရောဂါများဖြစ်သည့်တီဘီ၊အိတ်ချ်အိုင်ဗီ၊ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ ဆီးချိုသွေးချိုရောဂါကဲ့သို့ မကူးစက်နိုင်သောရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများ၊ ကျောင်းကျန်းမာရေး လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန်၊ ပြည်သူများအား ဆေးကုသမှုကုန်ကျစရိတ် မရှိအောင် စီစဉ်ဆောင်ရွက်ပေးရန်၊ ပြည်သူ့ဆေးရုံများ တွင် ဆေးဝါးများ၊ စက်ပစ္စည်းကိရိယာများကို ဖြည့်ဆည်းပေးထား သည့်အတွက် စနစ်တကျ အကျိုးရှိရှိ အသုံးပြုကြရန်၊ ဆေးရုံပတ်ဝန်းကျင်သန့်ရှင်းရေး ပုံမှန်ဆောင်ရွက်ရန်၊ ဆေးရုံဥပဒိရုပ် ကောင်းရုံသာမကဘဲ အရည်အသွေး ပြည့်ဝသည့် ကျန်းမာရေး ဝန်ဆောင်မှုပေးခြင်းဖြင့် ပြည်သူလူထုအားကိုးအားထား ပြုရသည့် ဆေးရုံဖြစ်ရန် လိုအပ်ကြောင်း၊ ဆေးရုံတွင် အထူးကုပြင်ပလူနာဌာန ဖွင့်လှစ်ချိန် တိုးမြှင့်၍ အခမဲ့ကြည့်ရှု စောင့်ရှောက်မှု ပေးနေခြင်းကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ပေးကြရန်၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းရှိ စက်ပစ္စည်း ကိရိယာများကို စနစ်တကျ အသုံးပြုကြရန်၊ ဆရာဝန်၊ သူနာပြုများအနေဖြင့်လည်း ဆရာဝန် စိတ်ဓာတ်၊ သူနာပြုစိတ်ဓာတ်ဖြင့် လူနာများအပေါ် စေတနာထား ဆောင်ရွက်ပေးကြရန်၊ နယ်လှည့်ဆေးကုသရေး လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးကုသရေးဦးစီးဌာနများမှ ဆောင်ရွက်ရာတွင် ဝိုင်းဝန်းဆောင်ရွက် ကြရန်၊ ဆေးရုံ၏လုပ်ငန်းဆောင်ရွက်မှု တိုးတက် ကောင်းမွန်လာစေရေးအတွက် ချပေးထားသော ဆေးဝါး၊ ရန်ပုံငွေများကို အကျိုးရှိရှိ အသုံးချကြရန်၊ လက်ရှိ လူအင်အားဖြင့် ဆေးရုံ၏လုပ်ငန်းဆောင်ရွက်ချက်များကို စွမ်းအားအပြည့်ရရှိပြီး အကောင်းမွန်ဆုံး ဆောင်ရွက်ပေးကြစေရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

More Tags