နေပြည်တော် ၂၀၂၄ ခုနှစ်၊ မေလ (၁၀)ရက်
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ “International Day of the Midwife and International Nurses Day” အထိမ်းအမှတ်အခမ်းအနားကို (၁၀-၅-၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (နေပြည်တော်) ဘက်စုံသုံးခန်းမကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဦးစီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ သူနာပြုတက္ကသိုလ် (ရန်ကုန်/မန္တလေး) မှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သူနာပြု အရာရှိများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီနှင့် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်း တို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များ၊ ဆေးရုံအုပ်ကြီးများ၊ သူနာပြုအုပ်ကြီးများ၊ သူနာပြုအုပ်များ၊ သူနာပြုဆရာမကြီးများ၊ သူနာပြုများ၊ သားဖွားများ၊ တပ်မတော်ဆေးရုံများမှ သူနာပြုများ၊ သူနာပြု/သားဖွား/နှီးနွယ် သင်တန်းကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်များ၊ နည်းပြများ၊ ဒုနည်းပြများ၊ သင်တန်းသား/သူများ၊ ပုဂ္ဂလိက ဆေးရုံများမှ သူနာပြုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၄၀၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ် ပထမပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် သူနာပြုများနှင့်သားဖွားများ၏ ပြည်သူလူထုတစ်ရပ်လုံးအပေါ် အကျိုးပြုမှုများကို အသိအမှတ်ပြုသောအားဖြင့် ဖလောရင့် နိုက်တင်ဂေးလ် (Florence Nightingale)၏ မွေးနေ့ဖြစ်သည့်မေလ (၁၂)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ အဖြစ် International Council of Nurses (ICN) က (၁၉၇၄) ခုနှစ် မှစတင်၍ သတ်မှတ်ခဲ့ပြီး၊ မေလ(၅)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့ အဖြစ် International Confederation of Midwives (ICM) က (၁၉၉၁) ခုနှစ်မှာ စတင် သတ်မှတ်ခဲ့၍ နှစ်စဉ် နှစ်တိုင်း သူနာပြုသားဖွားများ၏ စွမ်းဆောင်ရည်များ မြင့်မားစေရန် ရည်ရွယ်၍ ဆောင်ပုဒ်များ သတ်မှတ် ဆောင်ရွက်ကြတာဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ သူနာပြု/သားဖွားများအား တန်ဖိုးထား ဂုဏ်ယူစွာဖြင့် ကျင်းပပေးခြင်း ဖြစ်ပါကြောင်း၊ (၂၀၂၄) ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမ များနေ့ ဆောင်ပုဒ်၏ Theme မှာ “Midwives: A vital Climate Solution” “သားဖွားအရည်အသွေး ထိန်းသိမ်းလို့၊ အနာဂါတ် ကမ္ဘာကို စောင့်ရှောက်စို့” ဟုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ သူနာပြု များနေ့ ၏ Theme ဖြစ်သော “Our Nurses. Our Future. The Economy Power of Care” ကို “ကျန်းမာစီးပွားရင်းနှီးလို့၊ ရှေ့အနာဂါတ် ဖွံ့ဖြိုးဖို့၊ သူနာပြုစုမှု စွမ်းအားမြှင့်တင်စို့” ဟု ဘာသာပြန်ဆို ထားပါကြောင်း၊ သူနာပြုနှင့်သားဖွားများသည် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု တွင် မကျန်းမာသူ များအား ပြုစုပေးခြင်း၊ မကျန်းမာမှုမဖြစ်စေရန် ကာကွယ်ပေးခြင်း၊ ကျန်းမာသူများ ပိုမိုကျန်းမာအောင် တိုးမြှင့်စောင့်ရှောက်ခြင်း၊ ပြန်လည်ထူထောင်ရေး တွင် ပြုစုစောင့်ရှောက်ပေးခြင်း တို့ကို ဆောင်ရွက်ပေး နေကြသည့်အတွက် လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှု (Universal Health Coverage) ကို ရရှိနိုင်ရေးအတွက် အရေးပါလှသော ကျန်းမာရေးဝန်ကြီးဌာန၏ အဓိကကျသူများ ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ သူနာပြုနှင့်သားဖွား အင်အားစုသည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် အားလုံး၏ ၅၀% နီးပါး ဖြစ်သည့်အတွက် ပြည်သူလူထုကို အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် သူနာပြုနှင့်သားဖွားများ၏ အလွန် အရေးပါသော အခန်းကဏ္ဍကို မီးမောင်းထိုးပြခြင်း ဖြစ်ပါကြောင်း၊ သူနာပြုနှင့်သားဖွားလောက မြင့်မား လာစေရန်အတွက် သူနာပြုနှင့်သားဖွား တစ်ယောက်ချင်းစီတိုင်းက အရည်အသွေး များကို ပြည့်မီရန်နှင့် ကျင့်ဝတ်နှင့်အညီ လိုက်နာ ဆောင်ရွက်ရန် တာဝန်ရှိသကဲ့သို့ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်းတို့၏ ပူးပေါင်းပံ့ပိုးပေးမှုများသည်လည်း လွန်စွာမှ အရေးကြီး ပါကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာလအတွင်းမှာ မိမိတို့ အသက်ကို ပဓာန မထားပဲ Volunteer များအဖြစ် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော သူနာပြုနှင့်သားဖွားများကိုလည်း အထူး လေးစား ဂုဏ်ယူလျက် ရှိပါကြောင်း၊ သူနာပြုနှင့် သားဖွားများအနေနဲ့လည်း ပြည်တွင်းမှာသာမက နိုင်ငံတကာ မှ အသိအမှတ်ပြုရသည့် စံနမူနာကောင်းများကို အတုယူပြီး ကြိုးစားအားထုတ်ကြစေလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ဖလောရင့်နိုက်တင်ဂေးလ် ဆုရှင်များဖြစ်သော ဗိုလ်မှူးဒေါ်ခင်အုန်းမြ၊ ဒေါ်အမ်ယောနမ်(လက်ထောက်ညွှန်ကြားရေးမှူး-ငြိမ်း)၊ ဒေါ်သိန်းရီ (အမျိုးသမီးကျန်းမာရေးဆရာမ-ငြိမ်း)နှင့် ဦးစနိုင်နိုင်ထွန်း(သူနာပြုကြီး) တို့အား ဝဏ္ဏကျော်ထင်ဘွဲ့ကို လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအပေါ် အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သူနာပြုနှင့်သားဖွား(၆)ဦး တို့အား ရဲဗလဘွဲ့တံဆိပ် ကိုလည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ပါကြောင်း၊ မျိုးဆက်သစ် သူနာပြုနှင့်သားဖွားများအား သူနာပြုနှင့်သားဖွား လုပ်ငန်းဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ်များနှင့် ထိန်းသိမ်းရမည့်အမူအကျင့်များအတိုင်း ပြည်သူလူထု အား ပြုစုစောင့်ရှောက်မှုပေးကြရန်နှင့် မိမိတို့၏ သူနာပြုနှင့်သားဖွား အသက်မွေးဝမ်းကျောင်း ပညာရပ်များနှင့် ကျင့်ဝတ်များကို အားလုံးက ဝိုင်းဝန်း ထိန်းသိမ်း၍ နိုင်ငံတော်၏အကျိုးကို ဆထက်ထမ်းပိုး သယ်ပိုးဆောင်ရွက် နိုင်ကြပါစေကြောင်း ပြောကြားခဲ့ပြီး၊ နိုင်ငံတော်မှ ချီးမြှင့်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ နှင့် ရဲဗလ ဘွဲ့တံဆိပ် အပ်နှင်းခံရသူ သူနာပြု၊ အမျိုးသမီးကျန်းမာရေးဆရာမ နှင့် သားဖွား (၁၀)ဦးတို့အား ဂုဏ်ပြုအထိမ်းအမှတ်ဆု ချီးမြင့်ပေးခဲ့ပါသည်။ ထို့နောက် သူနာပြု သင်တန်းသား/သူများမှ ကရုဏာအလင်း သီချင်းဖြင့် သီဆို ဖျော်ဖြေ၍ အထက်တန်းသူနာပြုဆရာမ တစ်ဦးမှ မီးအိမ်ရှင်သီချင်းဖြင့် ကပြ ဖျော်ဖြေခဲ့ကြပါသည်။
အခမ်းအနား အစီအစဉ် ဒုတိယပိုင်း အနေဖြင့် အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့ နှင့်ပတ်သက်သည့် စဉ်ဆက်မပြတ် သူနာပြုသားဖွား ပညာရေး ဟောပြောပွဲ ကို ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ၊ ဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်မှ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများနေ့ နှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့၏ ဆောင်ပုဒ်များကို လည်းကောင်း၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (သူနာပြု-သားဖွား) ဒေါ်စန်းစန်းယဉ်မှ အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည်များ ကိုလည်းကောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး(သူနာပြု-သားဖွား) ဒေါ်ဌေးဌေးလှိုင် မှ အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့်ပတ်သက်၍ လိုက်နာ ဆောင်ရွက် ရမည်များကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြပြီး ဖလောရင့်နိုက်တင်ဂေးလ်ဆုရှင် ဝဏ္ဏကျော်ထင် ဦးစနိုင်နိုင်ထွန်းမှ ၎င်း၏ စွမ်းဆောင်ရည်များကို လည်းကောင်း၊ သားဖွားဆရာမ ဒေါ်စန်းစန်းမြင့် မှ ၎င်း၏ အတွေ့အကြုံများကိုလည်းကောင်း မျှဝေခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ (၁၃:၃၀)နာရီတွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။