နေပြည်တော်၊ ဩဂုတ်လ(၁၉)ရက်
Mpox(မျောက်ကျောက်)ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၉-၈-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီး ဌာန၊ ရုံးအမှတ်(၄)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ အဖွင့်အမှာစကား ပြော ကြားရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ (၂၀၂၄)ခုနှစ်၊ သြဂုတ်လ(၁၄)ရက်နေ့တွင် ကျင်းပ သော အပြည်ပြည်ဆိုင်ရာကျန်းမာရေးပြဌာန်းချက် အရေးပေါ်ကော်မတီ၏ အစည်းအဝေးတွင် mpox(မျောက်ကျောက်)ရောဂါ ကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာမှုကြောင့် အပြည်ပြည် ဆိုင်ရာကျန်းမာရေးပြဌာန်းချက်(၂၀၀၅) (International Health Regulations-2005) အရ နိုင်ငံ တကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (Public Health Emergency of International Concern- PHEIC) အဖြစ် ကြေညာခဲ့သည့်အတွက် မိမိတို့နိုင်ငံအနေဖြင့်လည်း ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းအပါအဝင် mpox(မျောက်ကျောက်) ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ရန်အတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ mpox (မျောက်ကျောက်)ရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်းကို ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ ၌ (၁၉၇၀)ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ဗဟိုအာဖရိကနှင့် အနောက်အာဖရိကတွင် ပုံမှန်အနေဖြင့်သာ ကူးစက်ဖြစ်ပွားလေ့ရှိသော ရောဂါအဖြစ်ရှိခဲ့ရာမှ (၂၀၂၂)ခုနှစ်တွင် အခြားနိုင်ငံအချို့သို့ပါ ကူးစက် ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ကပ်အသွင်ကူးစက်ဖြစ်ပွားခဲ့၍ (၂၀၂၂)ခုနှစ်၊ ဇူလိုင်လ၊ ၂၃ ရက်နေ့တွင် နိုင်ငံ တကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (PHEIC) အဖြစ် သတ်မှတ်ကြေညာ၍ တုံ့ပြန် ဆောင်ရွက်ခဲ့ရာ ဖြစ်ပွားမှုသိသာစွာကျဆင်းလာသည့်အတွက် (၂၀၂၃)ခုနှစ်၊ မေလ၊ ၁၁ ရက်နေ့တွင် PHEIC အခြေအနေမှ ရုတ်သိမ်းခဲ့ပါကြောင်း၊ ယခု (၂၀၂၄) ခုနှစ်အတွင်း ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ (DRC)နှင့် အာဖရိကတိုက်ရှိနိုင်ငံများတွင် mpox(မျောက်ကျောက်)ရောဂါ ကူးစက်ဖြစ်ပွားမှု အရှိန် မြင့်တက်လာခြင်း၊ mpox(မျောက်ကျောက်)ရောဂါ၏ မျိုးကွဲအသစ် (Clade Ib) သည် ဒီမိုကရက် တစ်ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် လျင်မြန်စွာကူးစက်ပျံ့နှံ့လာပြီး နယ်စပ်ဖြတ်ကျော်နှင့် နိုင်ငံတကာ ကူးစက်ပျံ့နှံ့မှုများရှိနေခြင်းကြောင့် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ(PHEIC) အဖြစ် ပြန်လည်သတ်မှတ်ခြင်း ဖြစ်သည်ဟု သိရှိရပါကြောင်း၊ မိမိတို့အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများတွင်လည်း mpox(မျောက်ကျောက်)ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုများ ရှိနေသည်ကို တွေ့ရှိရသဖြင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ mpox(မျောက်ကျောက်)ရောဂါ ကူးစက်ဝင်ရောက်ပြန့်ပွားမှုမရှိစေရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်များအရ မြန်မာနိုင်ငံတွင် mpox(မျောက်ကျောက်)ရောဂါ ကူးစက်ဖြစ်ပွားနိုင်ချေ အလွန်နည်းပါးကြောင်း၊ mpox(မျောက်ကျောက်)ရောဂါသည် ရောဂါဖြစ်ပွား သူလူနာနှင့် အနီးကပ်ထိတွေ့ ဆက်ဆံမှုမှတစ်ဆင့် အဓိကကူးစက်နိုင်သည့်အတွက် လူတစ်ဦးချင်း အလိုက် တစ်ကိုယ်ရေ ရောဂါကာကွယ်ရေး အသိ၊ သတိတို့ဖြင့် ပြုမူနေထိုင်၍ ကာကွယ်နိုင်ပါ ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်၊ မေလအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အာဖရိကဒေသပြင်ပရှိ နိုင်ငံအချို့တွင် mpox (မျောက်ကျောက်)ရောဂါ ကူးစက်ဖြစ်ပွားမှု (Multi-country outbreak) ရှိနေကြောင်း ထုတ်ပြန် ကြေညာခဲ့စဉ်ကပင် mpox(မျောက်ကျောက်) ရောဂါ ဖြစ်ပွားမှုစောစီးစွာသိရှိတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဖျားခြင်းနှင့် အနီစက်/အရည်ကြည်ဖုထွက် ခြင်း ရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှု ခြင်း (Fever with Vesicular Rash Surveillance) လုပ်ငန်းအား နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် ဆေးရုံများတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၂၀၂၂)ခုနစ်မှ လက်ရှိအချိန်အထိ လူနာများ ၏ ဓာတ်ခွဲနမူနာ (၁၂၉)ခုအား ဓာတ်ခွဲစစ်ဆေးခဲ့ရာတွင် mpox(မျောက်ကျောက်)ရောဂါ အတည်ပြု လူနာတွေ့ရှိခြင်း မရှိသေးပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုချက်များအား တိကျစွာ ထုတ်ပြန်ထားရှိရာ မိမိတို့နိုင်ငံအနေဖြင့်လည်း ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် အကြံပြုချက်များကို နှီးနွယ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ အရှိန်အဟုန်မြှင့်တင်၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံဖြတ်ကျော် ဝင်၊ ထွက်ပေါက်များတွင် mpox (မျောက်ကျောက်)ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား ပြည်တွင်း/ပြည်ပခရီးသွားလာမှုကို မထိခိုက်စေဘဲ အထူးအလေးထား၍ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းမှ ကမ္ဘာ့နိုင်ငံများတွင် mpox(မျောက်ကျောက်)ရောဂါ ဖြစ်ပွားမှုနှင့် မြန်မာနိုင်ငံတွင် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ နိုင်ငံဖြတ်ကျော် ဝင်၊ ထွက်ပေါက်များအပါအဝင် လူထုအတွင်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းအား တိုးမြှင့်ဆောင်ရွက်ခြင်း၊ သီးခြားထားရှိကုသမှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ စံကိုက်ကုထုံးများ သတ်မှတ်ခြင်း၊ ရောဂါပိုးထိန်းချုပ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ စုဆောင်းထားရှိခြင်း၊ ကျန်းမာရေး ပညာပေးခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးတင်ပြခဲ့ပါ သည်။
အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဦးစီးဌာန အသီးသီးတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။