ဩဂုတ်လ ၂၈ ရက်၊ နေပြည်တော်
ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြား ရေးမှူးချုပ်နှင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦစီးဌာနအသီးသီး၏ ညွှန်ကြားရေးမှူးချုပ်များ လိုက်ပါလျက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ တင်ပြချက်များအပေါ် လမ်းညွှန်ဆွေးနွေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီးစွာ နေ့လယ်စာသုံးဆောင်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်သူများ နေ့စဉ်စားသောက်သုံးစွဲနေရသည့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်/လူသုံးကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုကို တာဝန်ယူဆောင်ရွက်ရသည့်အတွက် အလွန်တာဝန်ကြီးကြောင်း၊ ဦးစီးဌာနရှိဝန်ထမ်းအားလုံး၏ အတူတကွ ပူးပေါင်းကြိုးပမ်းဆောင်ရွက်မှုကြောင့် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဦးစီးဌာနအနေဖြင့် လုပ်ငန်းများလျှင်မြန်ချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိသလို အစားအစာ၊ ဆေးဝါးများ၏ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် စံချိန်စံညွှန်းများနှင့်ကိုက်ညီအောင် စနစ်တကျ စိစစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆေးဝါးများ၊ အစားအစာများနှင့် အလှကုန်ပစ္စည်းများကို မှတ်ပုံတင်ရာတွင် E-submission စနစ်ကို အသုံးပြုနိုင်ခြင်းကြောင့် လုပ်ငန်းများ ပိုမိုမြန်ဆန်လာသည်ကို တွေ့ရှိရကြောင်း၊ ပြည်သူအများ နေ့စဉ်သုံးစွဲနေရသည့် သောက်ရေသန့်များ၊ စားသုံးဆီများ၊ နို့မှုန့်များကို စနစ်တကျ ပုံမှန်စစ်ဆေးကြီးကြပ်ပေးရန် လိုအပ်ကြောင်း၊ MSMEs လုပ်ငန်းများ အဆင့်မှီမှီ တိုးတက်စေရေးအတွက်လည်း ဆက်လက်ကူညီပံ့ပိုး ဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်နေသော ဓာတ်ခွဲခန်းလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်စေရေးနှင့် ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်စေလိုကြောင်းနှင့် ဆေးဝါးနှင့်ကာကွယ်ဆေးများ စိစစ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဓာတ်ခွဲခန်းများနှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းများ(MSMEs) နှင့် စပ်လျဉ်းသည့် စားသောက်ကုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့ကို ပံ့ပိုးဆောင်ရွက်စေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း၊ ညွှန်ကြားရေး မှူး(စီမံကိန်း/စစ်ဆေးရေး)မှ ဦးစီးဌာန၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိလုပ်ငန်းဆောင်ရွက်မှုအား တင်ပြခြင်း၊ ညွှန်ကြားရေးမှူး(စီမံ)မှ အဆင့်မြင့်ဓာတ်ခွဲခန်း(B) ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြခြင်း၊ ညွှန်ကြားရေးမှူး(ဆေးဝါး)မှ ဆေးဝါးဌာန၏ လုပ်ငန်းလက်ကျန်များလျော့ချရေး စီမံချက်နှင့်ပတ်သက်၍ ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့သည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါသည်။
၎င်းနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာကို ရင်းနှီးစွာ လက်ရည်တစ်ပြင်တည်း သုံးဆောင်ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ အဆင့်မြင့်ဓာတ်ခွဲခန်း (A) နှင့် (B) ဆောက်လုပ်ပြီးစီး၍ အသုံးပြုနေမှုအခြေအနေများ၊ ဇီဝစံဓာတ်ခွဲခန်းနှင့် ဆေးဝါးဌာနခွဲတို့အား လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။