19 Sep 24MOHSAdmin3

မြန်မာနိုင်ငံဆိုင်ရာရုရှားကုန်သွယ်မှုကိုယ်စားလှယ်အဖွဲ့မှ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအားတွေ့ဆုံ၍ မြန်မာ-ရုရှား နှစ်နိုင်ငံ ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းဖြန့်ချိထုတ်လုပ်ရေးလုပ်ငန်းများအားဆွေးနွေး

 

နေပြည်တော်၊ စက်တင်ဘာ ၁၈

     ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာရုရှားကုန်သွယ်မှုကိုယ်စားလှယ်ရုံး၏ အကြီးအကဲ Mr. Vladimir Kazadaev ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းအား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံ၍ မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ဆေးနှင့်ဆေးပစ္စည်း များ တင်သွင်းဖြန့်ချိထုတ်လုပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

     တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံအတွင်း မကြာမီကဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများအတွက် ရုရှားနိုင်ငံမှဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းမည့်ကိစ္စရပ်များ၊ ရုရှားနိုင်ငံ စိန့်ပီတာ စဘတ်မြို့ Napalkov Cancer Center နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနတို့အကြား ကင်ဆာရောဂါဆေးကုသမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ (MoU)အား မကြာမီရက်ပိုင်းအတွင်းကလက်မှတ်ရေးထိုးခဲ့ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ရုရှားနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းကုမ္ပဏီများမှ စက်မှုဝန်ကြီးဌာန၊ BPI ဆေးဝါးစက်ရုံနှင့်ပူးပေါင်း၍ ပြည်တွင်း၌ ဆေးနှင့်ဆေးပစ္စည်းများထုတ်လုပ်ရေးကိစ္စရပ်များ၊ ရုရှားနိုင်ငံမှထုတ်လုပ်သည့် ရောဂါရှာဖွေရေး ဓါတ်ခွဲစမ်းသပ်မှုပစ္စည်းများ (Rapid Diagnostic Test kit) ဈေးနှုန်းချိုသာစွာဖြင့် ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ရေးကိစ္စရပ်များ၊ ရုရှားနိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့်ဆေးပစ္စည်းများအား မြန်မာနိုင်ငံ FDA အသိအမှတ်ပြုမှတ်ပုံတင်ရရှိရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံဆေးကုသမှုလုပ်ငန်းများ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

     အဆိုပါ ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားကုန်သွယ်မှုကိုယ်စားလှယ်ရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေး ဝန်ကြီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။

More Tags