နေပြည်တော်၊ ဒီဇင်ဘာလ ၁၂ ရက်
ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး ရည်မှန်းကာ ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါ ကင်းဝေး၍ သက်တမ်းစေ့နေထိုင်နိုင်စေရေး၊ ကုသမှုအရည်အသွေးကောင်းမွန်စေရေးနှင့် ပြည်သူများ ဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ်သက်သာစေရေး ဆောင်ရွက်လျက်ရှိရာ ကျောက်ကပ်အစားထိုးရန်လိုအပ်သော ကျောက်ကပ်ရောဂါလူနာများအား ပြည်တွင်း၌ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်ပြည်သူ့ ဆေးရုံကြီး(ခုတင်-၁၀၀၀) တွင် ပထမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့ တွင် ပြုလုပ်နိုင်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော လူနာနှင့် ကျောက်ကပ်အလှူရှင်တို့အား တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုများ၊ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ပါသည်။
ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့သောလူနာမှာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် နေထိုင်သူ အသက် (၃၀)နှစ်ရှိ အမျိုးသား ဖြစ်ပြီး ကျောက်ကပ် လှူဒါန်းသူမှာ ဖခင်တော်စပ်သူ အသက် (၅၄)နှစ် အမျိုးသား ဖြစ်သည်။ အဆိုပါ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀)မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့်အတူ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)- ရန်ကုန်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)တို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ပါရဂူများ ပူးပေါင်းဆောင်ရွက် ခဲ့ကြပြီး ကျောက်ကပ်အလှူရှင်ထံမှ ကျောက်ကပ်ထုတ်ယူမှုကို ဒီဇင်ဘာလ (၁၁)ရက်၊ နံနက်(၉:၃၀)နာရီ အချိန်၌ စတင်ဆောင်ရွက်ခဲ့ကာ နံနက်(၁၁:၃၀)နာရီအချိန်တွင် ကျောက်ကပ် လက်ခံသူလူနာထံ သို့ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု စတင်ဆောင်ရွက်ခဲ့သည်။ နေ့လယ်(၂:၃၀)နာရီအချိန်တွင် ခွဲစိတ်ကုသမှုပြီးစီးပြီး စုစုပေါင်း ခွဲစိတ်ချိန် (၅)နာရီ ကြာမြင့်ခဲ့သည်။
ပထမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့သော လူနာနှင့် ကျောက်ကပ်အလှူရှင် (၂)ဦး၏ ခွဲစိတ်ပြီးကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀) အထူးကြပ်မတ်ကုသဌာနတွင် ထားရှိကာလိုအပ်သော ပြုစုကုသမှုများကို ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြု များက ဆက်လက်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၊ ရန်ကုန်တွင် လစဉ် ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယခုအခါ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)တွင် ပထမအကြိမ် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်ဆက်လက်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာကျော်စိုးကျော်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ပါမောက္ခဒေါက်တာသဇင်ခိုင်၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာလမင်းဝင်း၊ အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ နေပြည်တော်မှ ဒုတိယဗိုလ်မှူးကြီးရန်နိုင်ဝင်းတို့ ဦးဆောင်ပါဝင်သော ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၊ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာ ဝင်းဝင်းလှိုင်၊ ပါမောက္ခ/ဌာနမှူး(ငြိမ်း) ပါမောက္ခဒေါက်တာခင်သီတာသွင်၊ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ပါမောက္ခဒေါက်တာရည်ရည်ခိုင်တို့ ဦးဆောင်ပါဝင်သော ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာဝင်းဝင်းကျော်၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန် ဒေါက်တာသတိုးသိန်းဇံနှင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ နေပြည်တော်မှ ပါရဂူ ဒုတိယဗိုလ်မှူးကြီးကျော်သူရ၊ ဒုတိယဗိုလ်မှူးကြီးမျိုးဆွေဌေးတို့ ဦးဆောင်ပါဝင်သော နှလုံးနှင့်သွေးကြောခွဲစိတ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာမူမူနိုင်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ပါမောက္ခဒေါက်တာနုနုမေ၊ ပါမောက္ခ/ဌာနမှူး(ငြိမ်း) ပါမောက္ခဒေါက်တာကြည်ကြည်စန်း၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်မှ တွဲဖက်ပါမောက္ခ ဒေါက်တာမောင်မောင်ဆွေတို့ ဦးဆောင်ပါဝင်သော မေ့ဆေးပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ပါမောက္ခ(ရောဂါဗေဒ) ဒေါက်တာစန်းစန္ဒာခင်၊ တွဲဖက်ပါမောက္ခ(အဏုဇီဝ) ဒေါက်တာခိုင်ဝင်းထွန်းနှင့် အထူးကုဆရာဝန်ကြီး(သွေးဗေဒ) ဒေါက်တာမီမီခိုင် တို့ဦးဆောင်ပါဝင်သော ရောဂါရှာဖွေရေးလုပ်ငန်းအဖွဲ့နှင့် သွေးနှင့်သွေးပစ္စည်း ဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ပါမောက္ခဒေါက်တာခိုင်ရွှေဝါနှင့် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်မှ ပါမောက္ခ ဒေါက်တာသဇင်သန်းတို့ ဦးဆောင်ပါဝင်သော ဓာတ်မှန်ပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာရဲမြင့် ဦးဆောင်သော ဆေးရုံစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆရာဝန်များ၊ ဒုတိယညွှန်ကြားရေးမှူး (သူနာပြုအုပ်ကြီး) ဒေါ်စောရွှေနှင့် သူနာပြုများ၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးမှ ကျွမ်းကျင်သူနာပြု ဆရာမကြီးဖြစ်သော ဒေါ်ကေသီနွယ် ဦးဆောင်သော သူနာပြုများအဖွဲ့၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြု ဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။