ကျန်းမာရေးဝန်ကြီးဌာန နေပြည်တော်/ တိုင်း‌ဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

 
 
 

နေပြည်တော်၊ဖေဖော်ဝါရီ(၁၁)ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊အစည်းအ‌ဝေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် နေပြည်တော်/တိုင်း‌ဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်/ တိုင်း‌ဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မိမိတို့၏ မူလလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ကပ်ရောဂါကာလတွင်လည်း ဆေးရုံ၊ ဆေးခန်းများတွင် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ကြသော်လည်း ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အခက်အခဲများကြားမှ ပြည်သူ့ဆေးရုံများ၏ လုပ်ငန်းများပြန်လည် လည်ပတ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒဖြစ်သော ဆေးရုံတိုင်း ဆရာဝန်ရှိစေရေးအား အကောင်အထည်ဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံကြီးများတွင်သာမက မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများအထိပါ ဆရာဝန်များ တာဝန်ချထားနိုင်ရေးအတွက် သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့်ညှိနှိုင်းပြီး အသေးစိတ်စီမံချက်များအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဆေးရုံ၊ ဆေးခန်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဆရာဝန်၊ သူနာပြုများအနေဖြင့် ပြည်သူလူထုအားကိုး ယုံကြည်လောက်သည့် ဝတ်စားဆင်ယဉ်မှုဖြစ်စေရေး၊ ဆေးရုံသုံးပစ္စည်းများ လုံလောက်စွာထားရှိစေရေးတို့အား ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရေးအတွက်လည်း နိုင်ငံတော်က ပံ့ပိုးပေးလျက်ရှိပါ ကြောင်း၊ ကုသရေးလုပ်ငန်းများကိုသာမက ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဖြစ်သည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ကူးစက်ရောဂါကုသရေးလုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ HIV၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက်လိုအပ်သည့် ဆေးဝါး ကုန်ကျ စရိတ်များကို နိုင်ငံတော်မှနှစ်စဉ် ရန်ပုံငွေ ကျပ် ၄၉ ဘီလီလံခန့် ကျခံသုံးစွဲလျက်ရှိပြီး ဆေးဝါးများလုံလုံလောက်လောက်ရှိပါကြောင်း၊ ထိုဆေးဝါးများကိုအကျိုးရှိရှိ၊ ထိထိရောက်ရောက် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်ဆောင်ရွက်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပညာသင်ကြားရေး ကိစ္စရပ်များတွင် ဆရာ/ဆရာမများအခက်အခဲ ရှိသောနေရာများ၌ မိမိတို့တတ်ကျွမ်းသည့်ပညာရပ်များကိုလည်း ကျောင်းသား/ကျောင်းသူများအား ကူညီသင်ကြားပေးစေ လိုပါကြောင်း၊ ပြည်သူ့ဆေးရုံများကို ပြည်သူလူထုက အားကိုးလာသည်နှင့် အမျှ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့် ဆက်ဆံရေးကောင်းမွန်စေရေးအတွက် သင်တန်း ဆောင်ရွက်နေမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်စေလိုပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုတွင် ပြည်သူလူထုကျခံသုံးစွဲရသည့် ကုန်ကျစရိတ် သက်သာစေရေးအတွက် အားဖြည့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ကုသမှုခံယူရန် လာရောက်ကြသည့် ပြည်သူလူထုအနေဖြင့် အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် ကျန်းမာရေး စောင့်ရှောက်မှုကိုရရှိစေရေး ကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကိုလည်း လုပ်ထုံးလုပ်နည်း/ဥပဒေများနှင့်အညီ စိစစ်ကြပ်မတ်လျက်ရှိပါကြောင်း၊ ဆေးပညာ ကျင့်ဝတ်မလိုက်နာမှုများ၊ ထုတ်ပြန်ထားသည့် စည်းကမ်းများမလိုက်နာမှုများနှင့်ပတ်သက်၍ အခါအားလျော်စွာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ စည်းမျဉ်းစည်းကမ်း ဥပဒေနှင့်အညီ ဆောင်ရွက်နေသည့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကိုလည်း လုပ်ငန်းလိုင်စင်များထုတ်ပေးခြင်းနှင့် သက်တမ်းတိုးခြင်းကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အစား အသောက်ဆေးဝါးကွပ်ကဲမှုနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီဖြစ်စေရေး စစ်‌ဆေးကြပ်မတ်လျက်ရှိသကဲ့သို့ နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်မှု ကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်းအကျယ်တဝင့်မှာကြားခဲ့ပါသည်။

     ဆက်လက်ပြီး နေပြည်တော်/တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက ၎င်းတို့ နယ်မြေဒေသအလိုက် ဆရာဝန်၊သွားနှင့်ခံတွင်း ဆရာဝန်၊ သူနာပြု များအား ဖြည့်ဆည်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

More Tags