17 Feb 25MOHSAdmin3

ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဧရာဝတီတိုင်း ဒေသကြီး ပန်းတနော်မြို့နယ်၊ မအူပင်မြို့နယ်ရှိ ပြည်သူ့ဆေးရုံများနှင့် ငှက်ဖျားရောဂါကာကွယ် နှိမ်နှင်းရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေး

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ရက်

          ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ကုသရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်း၌ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ မအူပင်မြို့နယ်ရှိ ပြည်သူ့ ဆေးရုံများနှင့် ငှက်ဖျားရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

                            

          ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် ပန်းတနော်မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံပြီး အမှာစကား ပြောကြားရာတွင် ငှက်ဖျားရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ အပါအဝင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပိုမိုကြိုးစားအားထုတ်ဆောင်ရွက်ရန်၊ ဆေးရုံအခြေပြု ကာကွယ်ဆေးထိုး လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ပေးရန်၊ မြို့နယ်အလိုက် အဏုစိတ်စီမံချက်(Micro Plan) များရေးဆွဲကာ အကောင်အထည် ဆောင်ရွက်ရန်၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ၌ မျက်စိစမ်းသပ်ခြင်း၊ သန်ချ ခြင်း (Deworming) စသော လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရန်၊ မိခင်သေဆုံးနှုန်း ကျဆင်းစေရေးအတွက် ဆေးရုံ၊ဆေးခန်းများနှင့်ကျန်းမာရေးဌာနများ၌ မွေးဖွားနိုင်ရေး ကျန်းမာရေးပညာပေးလုပ်ငန်းများ၊ လူနာ ညွှန်းပို့ခြင်း လုပ်ငန်းများ စနစ်တကျဆောင်ရွက်ထားရှိရန်၊ ပြည်သူ့ဆေးရုံများတွင် တက်ရောက် ကုသနေသော လူနာများအနေဖြင့် ဆေးကုသမှုကုန်ကျစရိတ် သက်သာစေရေး စီစဉ်ဆောင်ရွက်ထားရှိရန်၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ပြည်သူလူထုစိတ်ကျေနပ်မှုရရှိစေရေးနှင့် စိတ်ချမ်းသာစွာ ဆေးကုသမှုခံယူနိုင်ရေး အလေးပေး ဆောင်ရွက်ရန်၊ ကုသရေးလုပ်ငန်းနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများအား ဟန်ချက်ညီညီ တိုးမြှင့်ဆောင်ရွက်ရန်၊ ကျန်းမာရေးဆိုင်ရာအညွှန်းကိန်းများ သတ်မှတ်ရည်မှန်းချက် ပြည့်မီနိုင်ရေး ဆောင်ရွက်ရန်၊ မြို့နယ်ဆေးရုံများနှင့်တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များ မပြတ်လပ်စေရေးစီမံဆောင်ရွက်ထားရှိရန်၊ မြို့နယ်အတွင်းရှိ ကျန်းမာရေးဆိုင်ရာ အဆောက်အဦ များ ဥပဓိရုပ် ကောင်းမွန်စေရေး၊ ဆေးဝါးများ အလေအလွင့်မရှိစေရေး ဆောင်ရွက်ထားရှိရန်တို့အား လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပန်းတနော်မြို့နယ်ကုသရေးဦးစီးဌာနမှူးက ဆေးရုံ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် လိုအပ်ချက်များကိုလည်းကောင်း၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါကာကွယ်နှိမ်နင်းရေး)မှ ငှက်ဖျားရောဂါ ကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးမှ လိုအပ်ချက်များအပေါ် အသေးစိတ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ပန်းတနော်မြို့နယ်ပြည်သူ့ဆေးရုံအတွင်းသို့ လှည့်လှည်ကြည့်ရှု ပြီး တာဝန်ကျ ဆရာဝန်များ၊ ဆေးရုံတက်ရောက် ကုသမှုခံယူနေသော လူနာများနှင့် တွေ့ဆုံကာ ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ပါသည်။

                            

      

                            

     ပန်းတနော်မြို့နယ်အတွင်း မြို့ကွက်သစ် အရှေ့ပိုင်းရပ်ကွက်(၁)နှင့် ဆက်စပ် ကျေးရွာများမှ ပြည်သူများအား ငှက်ဖျားပိုးသွေးဖောက်စစ်ဆေးခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ အိမ်တွင်းနံရံ တာရှည်ခံခြင်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့မှ ကျေးရွာနေပြည်သူလူထုထံသို့ တာရှည်ခံဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဆောက်လုပ်ရေးအထူးအဖွဲ့(၁၅)မှ တာဝန်ယူ ဆောက်လုပ်နေသည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးနှင့် (၄)ခန်းတွဲ (၄)ထပ်အဆောက်အဦ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် အချိန်အတွင်း ပြီးစီးအောင်ဆောက်လုပ်နိုင်ရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

                           

 

                           

     ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ပန်းတနော်မြို့မှ မအူပင်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ပြည်သူ့ဆေးရုံကြီး၊ မအူပင်မြို့မှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ရာ ဆေးရုံအုပ်ကြီးမှ ဆေးရုံလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး အခြေခံမရှိမဖြစ်ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ထားရှိရန်၊ လိုအပ်သောဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းကိရိယာများ ပြတ်လပ်မှုမရှိစေရေးဖြည်းဆည်းပေးရန်၊ ဓာတ်ခွဲဓာတ်မှန် အတွက် ပြည်သူလူထုစိုက်ထုတ်ကုန်ကျငွေ လျော့နည်းစေရေးနှင့် ဆေးပညာရှင်များ၏ ကျင့်ဝတ် နှင့်အညီ လူနာများ၏ အကျိုးငှာ အလေးပေးဆောင်ရွက်ပေးရန်၊ နိုင်ငံဝန်ထမ်းများ ဆေးကုသရာတွင် ဆေးကုသမှု ကုန်ကျစရိတ် မရှိစေရေး အလေးပေးဆောင်ရွက်ရန်၊ ပြည်သူလူထု စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုခံယူနိုင်စေရန်နှင့် နိုင်ငံတော်အစိုးရမှ ပံ့ပိုးမှုများ အား ပြည်သူလူထု တိုက်ရိုက်ခံစားရရှိစေရေး စေတနာထား ကြိုးစားဆောင်ရွက်ရန်၊ ပြည်သူများ အကျိုးအတွက် ဆေးကုသရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်စေရေး ဆောင်ရွက် ပေးရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကာ ဆေးရုံအတွင်း လှည့်လှည်ကြည့်ရှုပြီး သက်ဆိုင်ရာကုသဆောင်အလိုက် ဘာသာရပ်ဆိုင်ရာအထူးကု ဆရာဝန်ကြီးများမှ လိုအပ်ချက် တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဆေးရုံတက်ရောက်ကုသနေ သော လူနာများအား အားပေးစကားပြောကြားခဲ့ပါသည်။

                             

    ဆက်လက်၍ ညနေပိုင်းအချိန်၌ မအူပင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ သွားရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဦးစီးဌာနအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုအပေါ်ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ကျန်းမာရေးဆိုင်ရာလုံခြုံ စိတ်ချမှုရှိပြီး ဘေးကင်းသည့် အစားအသောက်နှင့်ဆေးဝါးများ ပြည်သူလူထုသုံးစွဲနိုင်ရေး အထူးအလေးပေးဆောင်ရွက်ရန်၊ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လျှောက်ထားရာ တွင်  အဆင်ပြေချောမွေ့မှုရှိစေရေး တာဝန်ရှိသူများက  ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဓာတ်ခွဲခန်းအဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်အတွက်လိုအပ်သော လူအင်အားနှင့် စက်ပစ္စည်းကိရိယာ များကိုဦးစီးဌာနမှ ပံ့ပိုးကူညီနိုင်ရေးတို့အား လမ်းညွှန်မှာကြားခဲ့ ပါကြောင်း  သတင်းရရှိပါ သည်။

More Tags