နေပြည်တော်၊ ၂၀၂၅ ခုနှစ် မေလ ၁၇ ရက်
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ပြည်တွင်း/ပြည်ပမှ မေ့ဆေးအထူးကုဆရာဝန်ကြီးများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အငြိမ်းစား ဆေးပညာရှင်များ၊ အထူး ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ရန်ကုန်မြို့၊ Melia Hotel ၌ ကျင်းပပြုလုပ်သော (၁၄)ကြိမ်မြောက် မြန်မာနိုင်ငံမေ့ဆေးညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံမေ့ဆေး ညီလာခံကို နှစ်နှစ်လျှင် တစ်ကြိမ် ပုံမှန်ကျင်းပလာခဲ့ရာ ယခုကျင်းပပြုလုပ်သည့် ညီလာခံမှာ (၁၄)ကြိမ် မြောက်ဖြစ်ပါကြောင်း၊ မေ့ဆေး အထူးကုဆရာဝန်များအနေဖြင့် အထူးကြပ်မတ် ကုသမှုများကိုပါ ပူးတွဲဆောင်ရွက်ပေးနေကြပြီး ရှောင်တခင်ဖြစ်ပေါ်တတ်သော အရေးပေါ်ကျန်းမာရေး အခြေအနေများ အတွက် မကြာခဏတွေ့ကြုံရလေ့ရှိရာ မှန်ကန်စွာနှင့် မြန်ဆန်စွာဖြေရှင်းဆောင်ရွက်နိုင်မှသာ အန္တရာယ်ကင်း၍ စိတ်ချရသော ကုသမှုများ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ယခုညီလာခံ၏ ခေါင်းစီးအနေဖြင့် “Dealing with Anaesthesia Crisis : Empowering Knowledge and Sustainable Practice” အဖြစ် သတ်မှတ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယနေ့ခေတ်ကာလ စိန်ခေါ်မှုတစ်ရပ်အဖြစ် သဘာဝဘေးအန္တရာယ်များကို နိုင်ငံတိုင်း၌ ပုံစံအမျိုးမျိုးကြုံတွေ့ နေကြရာ ရှောင်လွှဲမရသော သဘာဝဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှု ရပ်ဆိုင်းမသွားဘဲ ကြံ့ကြံ့ခံနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှု (Resilience Health System) ဖြစ်စေ ရေးအတွက် မိမိတို့နိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့်ကိုက်ညီသည့် စီမံချက်များကို နိုင်ငံတကာ နည်းတူ ချမှတ်ဆောင်ရွက်နေပါကြောင်း၊ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ကြီးကြောင့် ဆေးရုံအချို့ရှိခွဲစိတ်ခန်းများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ငလျင်ပြီးပြီးချင်း ပြည်သူ့ဆေးရုံများ၌ ခွဲစိတ်ကုသမှုများ အမြန်စတင်နိုင်ရေး အတွက် ဆက်စပ်သောဌာန၊အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါကြောင်း၊ မေ့ဆေးအထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ်ကုသမှု ဆောင်ရွက်ကြသော ခွဲစိတ်၊ သားဖွားမီးယပ်စသည့် အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ငလျင်လှုပ်ခတ်ခဲ့သည့် နေ့တွင်းချင်းမှာပင် အန္တရာယ်ကိုမမှုဘဲ လူနာများအကျိုးငှာ အရေးပေါ်ခွဲစိတ်ကုသမှုများကို ဆက်လက် ဆောင်ရွက်ပေးနိုင်ခဲ့ကြသဖြင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းတင် ဂုဏ်ယူပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလများမှာလည်း မေ့ဆေးဆရာဝန်များအနေနဲ့ ICU bed များစွာ ဖွင့်လှစ်လက်ခံပေးခဲ့ပြီး ကုသစောင့်ရှောက်မှုများကို စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့မှုများကိုလည်း အသိအမှတ်ပြု မှတ်တမ်းတင်အပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်နောင်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များ၌ ခွဲစိတ်ခန်းများလုံလောက်အောင် အသုံးပြုနိုင်ရေးအတွက် အလွယ်တကူ ရွှေ့ပြောင်းနိုင်သော ခွဲစိတ်ခန်းများကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ခွဲစိတ်ကုသမှုအတွက် လိုအပ်သော မေ့ဆေးပေးစက်၊ လူနာအထူးကြပ်မတ်စောင့်ကြည့်သော စက်များအပြင် ဆေးနှင့် ဆေးပစ္စည်းများ၊ Liquid Oxygen Tank အပါအဝင် စက်ပစ္စည်းကိရိယာများကို ခရိုင်ပြည်သူ့ဆေးရုံများ၊ မြို့နယ်ပြည်သူ့ဆေးရုံများအထိပါ ဖြည့်ဆည်းထောက်ပံ့ပေးလျက်ပြီး လူနာများ ခွဲစိတ်ကုသမှုခံယူရာတွင် ကုန်ကျစရိတ် မရှိစေရအောင် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ တိုးတက်စေရန် မေ့ဆေးပညာရပ်အတွက် ဆေးပညာမဟာသိပ္ပံဘွဲ့၊ ဆေးလက်တွေ့ပါရဂူဘွဲ့များအပြင် အထူးကြပ်မတ် ကုသမှုများအတွက် ဒီပလိုမာဘွဲ့သင်တန်းများ၊ မြို့နယ်ဆရာဝန်ကြီးများ၊ သူနာပြုများအတွက် ကာလတိုသင်တန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အရေအတွက်သာမက အရည်အချင်းပါပြည့်ဝသည့် မေ့ဆေးပညာရှင်များ ဖြစ်စေရေးအတွက် နိုင်ငံတကာအတွေ့အကြုံ ရရှိစေရေး ပြည်ပနိုင်ငံများသို့လည်း သင်တန်းများစေလွှတ်ပေးလျက်ရှိပါကြောင်း၊ အထူးကြပ်မတ် ကုသဌာနများကိုလည်း အဆင့်မြှင့်တင်ပေးခဲ့ပြီး ခွဲစိတ် ခန်းများကိုလည်း နိုင်ငံတကာအဆင့်မီ Modular Operation Theatre များ အဖြစ်အဆင့်မြှင့်တင်နိုင်ခဲ့ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် လူနာများအနေဖြင့် ပြည်တွင်း၌ပင် နိုင်ငံတကာအဆင့်မီကုသမှုများ ခံယူနိုင်အောင် ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံများ၌ အကြီးစား ခွဲစိတ်ကုသမှု (၂၄၀,၀၀၀)ကျော်၊ အသေးစားခွဲစိတ်ကုသမှု (၂၂၀,၀၀၀)ခန့်ကို ဆောင်ရွက်ခဲ့ကြသည်ကိုတွေ့ရှိရပါကြောင်း၊ ယနေ့ညီလာခံမှ ပြည်တွင်း ပြည်ပပညာရှင်များနှင့် အတွေ့အကြုံများ ဖလှယ်ဆွေးနွေးကာ ရရှိလာသော အသိပညာရပ်များကို လက်တွေ့ကုသမှုနယ်ပယ်တွင် မှန်ကန်စွာ အသုံးချပြီး လူနာများအတွက် စိတ်ချလုံခြုံမှုရှိသော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်နိုင်စေရေး တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ World Federation of Societies of Anaesthesiologists (WFSA) President Dr. Carolina Haylock Loor မှ ပေးပို့သော Welcome Message Video ကို ပြသပြီး အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်မှ ပုဂံအကဖြင့် ကပြဖျော်ဖြေကာ မြန်မာနိုင်ငံမေ့ဆေး ပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဆေးတက္ကသိုလ်(၁)ရန်ကုန် ပါမောက္ခ/ဌာနမှူး(မေ့ဆေး) ပါမောက္ခဒေါက်တာမူမူနိုင်က ညီလာခံကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပါမောက္ခဒေါက်တာမူမူနိုင်၊ မြန်မာနိုင်ငံ ဆေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးခင်နှင့် မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ အေးအောင်တို့က ညီလာခံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ခင်းကျင်းပြသထားသည့် ပညာရပ်ဆိုင်ရာ ပိုစတာများနှင့် ဆေးနှင့်ဆေးပစ္စည်းပြခန်းများကို လှည့်လှည်ကြည့်ရှုအားပေးခဲ့ကြပါသည်။
အဆိုပါညီလာခံကို မေလ (၁၇)ရက်နေ့မှ(၁၈)ရက်နေ့အထိ မြန်မာနိုင်ငံမှ ဆေးပညာရှင်များ အပြင် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘရူနိုင်းနိုင်ငံတို့မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် (၁၀)ဦးတို့က ဆေးပညာရပ်ဆိုင်ရာဗဟုသုတမျှဝေခြင်း၊ အတွေ့အကြုံဖလှယ်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာ ပိုစတာ (၁၄)ခုကို ပြသထားပြီး ညီလာခံ အကြိုလှုပ်ရှားမှု အဖြစ် အလုပ်ရုံဆွေးနွေးပွဲ (၃)ခုကိုလည်း မေလ (၁၆)ရက်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မြန်မာနိုင်ငံဆေးကောင်စီ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေး(၂/၂၀၂၅)သို့ တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ရာ မြန်မာနိုင်ငံဆေးကောင်စီ အနေဖြင့် မလိုအပ်ဘဲဆရာဝန်များပြုန်းတီးမှု မရှိစေရေး ထိန်းကျောင်းပေးစေရေး၊ ဆရာဝန်များ၏ ကျင့်ဝတ်ပိုင်း ဆိုင်ရာ ထိန်းကျောင်းရေး၊ နိုင်ငံတကာမှရရှိခဲ့သော ဆေးနှင့်ဆေးနှီးနွယ်ဆိုင်ရာဘွဲ့များကို အသိအမှတ်ပြုရေးကိစ္စရပ်များ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ပြည်သူလူထုကို အရည်သွေးပြည့်ဝသည့် ကျန်းမာရေးဝန်ဆောင်မှုပေးအပ်နိုင်ရေး မြန်မာနိုင်ငံဆေး ကောင်စီအနေဖြင့် ဆက်လက်ထိန်းကျောင်းသွားရမည့်ကိစ္စများ၊ ဆရာဝန်များ ဆေးကုသခွင့်လိုင်စင်ထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်း၊ အထူးကုဆေးကုသမှုလိုင်စင် ထုတ်ပေးခြင်းတို့ကို သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် ချမှတ်ထားသော စည်းမျဉ်းများအတိုင်း ဆောင်ရွက်စေရေးတို့အတွက် လိုအပ်သည်များမှာကြားခဲ့ပြီး ညွှန်ကြားရေးမှူး ချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများ တင်ပြခြင်း၊ ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများ အတည်ပြုခြင်း၊ ဆုံးဖြတ်ရမည့်အချက်များ ဆွေးနွေးဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။