နေပြည်တော်၊ ၂၀၂၅ ခုနှစ် မေလ ၁၈ ရက်
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ Training Center ၌ ကျင်းပပြုလုပ်သော (Urban Health Center-UHC)ဒေသန္တရကျန်းမာရေးဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဖွဲ့စည်းပုံအရ (Urban Health Center-UHC)ဒေသန္တရကျန်းမာရေးဌာနများကို မြို့ပေါ်၌ ဖွင့်လှစ်ထားရှိရာ ပြည်သူအားလုံးအကျုံးဝင်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို အားဖြည့်နိုင်ရန်အတွက် ယခုအခါ အဆိုပါ UHC များတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပြည်သူအများစုမှာ ကျေးလက်ဒေသနှင့်ဆင်ခြေဖုံးများ၌ နေထိုင်ကြသည်ဖြစ်ရာ ဒေသန္တရ ကျန်းမာရေးဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ခြင်းဖြင့် ပြည်သူ့ဆေးရုံကြီးများ၌ ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုများအပြင် သာမန်နာမကျန်းဖြစ်မှုများနှင့် နာတာရှည်မကူးစက်နိုင်သောရောဂါများ အခြေခံကျန်းမာရေးစစ်ဆေးမှု၊ ဆေးဝါးထောက်ပံ့မှုတို့ကို ဒေသန္တရကျန်းမာရေး ဌာနများ၌ ပိုမိုအဆင်ပြေလွယ်ကူစွာဖြင့် ကုသမှုခံယူနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူ့ဆေးရုံကြီးများသို့ စနစ်တကျ လွှဲပြောင်းပေးပို့မှုစနစ်ကိုလည်း တစ်ပါတည်း အကောင်အထည် ဖော်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ လုပ်ငန်းတိုးမြှင့်ဆောင်ရွက်ရာတွင် ရေရှည်အတွက်ရည်ရွယ်၍ ကနဦးဦးစားပေးမြို့နယ်အချို့တွင် အကောင်အထည်ဖော်ကာ တိုးချဲ့ ဆောင်ရွက် သွားရန်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မကူးစက်နိုင်သောရောဂါများ ကုသရေးအတွက် ဆေးဝါးများထောက်ပံ့ထားရှိရာ အဆိုပါ ဆေးဝါးများကို ဒေသန္တရကျန်းမာရေးဌာနများ၌ လက်လှမ်းမီရယူနိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြည်သူလူထု စိုက်ထုတ်ကုန်ကျငွေ လျော့နည်းစေရေး မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိခြင်းနှင့် နိုင်ငံတော်အစိုးရမှပံ့ပိုးမှုများအား ပြည်သူလူထု တိုက်ရိုက်ခံစားရရှိစေရေး အလေးပေးဆောင်ရွက်နေခြင်းတို့ကို ကျန်းမာရေး ဝန်ထမ်းများအားလုံး သိရှိနားလည်ပြီး အားလုံးပါဝင်ဆောင်ရွက်ကြရန်၊ ကျန်ဝန်ထမ်းများကိုလည်း နားလည်သိရှိအောင် ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ဆေးဝါးများ လုံလောက်စွာ ဖြည့်ဆည်းထားရှိမှုအပေါ် ပြည်သူများရရှိခံစားနိုင်ရေးနှင့် မလိုလားအပ်သော ဆုံးရှုံးမှုများ မရှိစေရန် စနစ်တကျစီမံဆောင်ရွက်ကြစေလိုပါကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ဆေးထိုးသင့်သည့် အသက်အရွယ်အားလုံးပါဝင်နိုင်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှတို့က ဒေသန္တရ ကျန်းမာရေးဌာနများ လုပ်ငန်းတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များမှာကြားကြပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက စတင် ဆောင်ရွက်မည့် ဒေသန္တရကျန်းမာရေးဌာန (၁၂)ခုတို့၏အခြေအနေနှင့် ဆက်လက်တိုးချဲ့ ဆောင်ရွက်မည့် ဒေသန္တာရကျန်းမာရေးဌာနများ ဆောင်ရွက်နိုင်မည့် အခြေအနေများကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများမှ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လိုအပ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဧည့်ခန်းမ၌ အိန္ဒိယ-မြန်မာကုန်သည်များ အသင်း (India-Myanmar Chamber of Commerce-IMCC) မှ ငလျင်ဘေးသင့်ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လှူဒါန်းသော ငွေကျပ် သိန်း(၃၄၀) တန်ဖိုးရှိ ဆေးဝါးများနှင့် ငွေသားကျပ်သိန်း (၂၀၀)တို့ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur၊ Second နှင့် အိန္ဒိယ-မြန်မာကုန်သည် များအသင်း ဥက္ကဋ္ဌ Mr. Narish Kumur တို့က လှူဒါန်းခြင်းနှင့် Aorta Co.Ltd က လှူဒါန်းသည့် ငွေကျပ် (၂၂၂)သိန်း ခြောက်သောင်းတန်ဖိုးရှိ ဆေးဝါး (၁၀)မျိုးနှင့် ငွေသား သိန်း(၁၅၀)ကျပ်တို့အား လက်ခံပြီး ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟိုဆေးသိုလှောင်ရေးဌာန၊ ရန်ကုန်သို့ သွားရောက်၍ မန္တလေးမြေငလျင်ကြီး ပြန်လည်ထူထောင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ယွမ်(၃၂)သန်းခန့်တန်ဖိုးရှိMobile Operation Room (၉၅)လုံးတို့အား ယာယီလက်ခံသိမ်းဆည်းထားသည့် အခြေအနေနှင့် နမူနာတပ်ဆင်ထားသည့် ခွဲစိတ်ခန်းကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်ချေရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ ဆေးရုံများသို့ အချိန်နှင့် တစ်ပြေးညီပို့ဆောင်နိုင်ရေးနှင့် ရောက်ရှိပါက စနစ်တကျထိန်းသိမ်း ထားရှိရေးအတွက် လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သိရှိရပါသည်။