ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးနှင့် အတူ ယှဉ်တွဲနေထိုင်ကြရာဝယ်

ဒေါက်တာသန်းနိုင်စိုး

(
၁၉-၅-၂၀၂၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါဆောင်းပါး)

      ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် (၂၀၂၀) ပြည့်နှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့သည့် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုများ ကမ္ဘာအနှံ့ခြေဆန့်ခဲ့သည်မှာ အချိန်ကာလအားဖြင့် (၅) နှစ်နှင့် (၃)လ ကျော်ခဲ့ပြီဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ (၂၀၂၅) ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့တွင် ထုတ်ပြန်ထားချက်အရ ကမ္ဘာတဝှမ်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု (၇၇၇.၇)သန်း ခန့်ရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ (၇.၀၉) သန်းခန့်ရှိပြီဖြစ်ကြောင်းသိရသည်။

ကမ္ဘာအနှံ့ ရောဂါကူးစက်မှုများ ဆက်လက်တည်ရှိနေဆဲ

     ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေဖြင့် ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာထားရှိခြင်းကို (၂၀၂၃) ခုနှစ်၊ မေလ (၅) ရက်နေ့တွင်ပြန်လည်ရုတ်သိမ်းခဲ့သော်လည်း ကမ္ဘာအနှံ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု များကမူ ဆက်လက်တည်ရှိနေဆဲပင်ဖြစ်သည်။

      မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ စတင်ရောက်ရှိချိန် (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၃) ရက်နေ့မှ (၂၀၂၅) ခုနှစ်၊ မေလ (၁၁)ရက်နေ့အထိ ရောဂါဖြစ်ပွားသူ (၆၄၃,၂၄၂) ဦးရှိခဲ့ပြီး ရောဂါကြောင့်သေဆုံးသူ (၁၉,၄၉၄) ဦးရှိခဲ့သည်။ မြန်မာနိုင်ငံ၌ လူဦးရေတစ်သန်းတွင် ရောဂါကြောင့် သေဆုံးသူ (၃၈၁) ဦးရှိခဲ့ရာ အာဆီယံ (၁၀) နိုင်ငံတွင် သေဆုံးမှုနှုန်းအနေဖြင့် အမှတ်စဉ် (၈) ရှိခဲ့ပြီး ကမ္ဘောဒီယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံများတွင် မိမိတို့နှင့်နှိုင်းယှဉ်ပါကရောဂါကြောင့် သေဆုံးနှုန်း မြင့်မားကြောင်း တွေ့ရသည်။

ရောဂါကူးစက်မှုများကို အချိန်တိုအတွင်း ကာကွယ်ထိန်းချုပ်နိုင်ခဲ့

      မိမိတို့မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်ပံ့ပိုးမှု၊ တာဝန်သိ ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွယ်ဝန်ကြီးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ၏ တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း အပါအဝင် ပြင်းထန်သည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကို အချိန်တိုအတွင်း ကာကွယ် ထိန်းချုပ်နိုင်ခဲ့သည်မှာ သမိုင်းတွင်မှတ်တမ်းတင်ရမည့်ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ ထိုသို့ ထိရောက်စွာ ကာကွယ်ထိန်းချုပ်ဆောင်ရွက်နိုင်မှုကြောင့် (၁၃-၅-၂၀၂၃) ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါဖြင့် သေဆုံးသူအား နောက်ဆုံးတွေ့ရှိခဲ့ရပြီး ရောဂါဖြင့် ထပ်မံသေဆုံးမှုမရှိခဲ့သည်မှာ (၂) နှစ်ကျော်အချိန်ကာလရှိပြီဖြစ်ပါသည်။

      ယခုအချိန်တွင် ကမ္ဘာတစ်ဝှမ်း ကိုဗစ်-၁၉ရောဂါကူးစက်မှုမှာ ပုံစံသစ်အနေဖြင့် ယခင် ကနှင့်မတူ နည်းပါးသောဒေသတွင်းကူးစက်မှုများကိုတွေ့လာရပြီး ကပ်ရောဂါအသွင် ကူးစက် ပြန့်ပွားမှုပုံစံ (epidemic)မှ ဒေသတွင်းအမြစ်တွယ်ကူးစက်မှုပုံစံ (endemic) အသွင်သို့ ကူး ပြောင်းလာသည်ကိုတွေ့ရသည်။ ထိုသို့ကူးစက်မှုပုံစံ ပြောင်းလာသည်နှင့်အတူ ကမ္ဘာ့နိုင်ငံ အများအပြားတွင်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများကို အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုခြင်းစနစ်တွင် ပေါင်းစပ်ထည့်သွင်းဆောင်ရွက် လာသည်ကိုတွေ့ရပါသည်။

ကိုဗစ်-၁၉ ရောဂါပိုး၏ မျိုးရိုးဗီဇပြောင်းလဲမှုကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိ

      ထိုသို့ ဒေသတွင်းအမြစ်တွယ်ကူးစက်မှု(endemic)ပုံစံသို့ ပြောင်းလဲလာခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုး၏သဘောသဘာဝသည် မကြာခဏမျိုးရိုးဗီဇပြောင်းလဲ၍ ပေါ် ထွက်လာတတ်ခြင်းကြောင့် ရောဂါပိုးမျိုးကွဲများ ဆက်တိုက်ထွက်ပေါ်နေသည်နှင့်အတူ ရောဂါကူးစက်မှုများ ပြန်လည်မြင့်တက်လာမှုကို ကမ္ဘာ့နိုင်ငံအများအပြားတွင် ယနေ့အထိ တွေ့နေရဆဲဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေဖြင့်လည်း ကိုဗစ်-၁၉ရောဂါပိုး၏ မျိုးရိုးဗီဇပြောင်းလဲမှုကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

     လတ်တလောတွင် ကမ္ဘာ့မီဒီယာများနှင့် သက်ဆိုင်ရာနိုင်ငံများ၏ ကျန်းမာရေးဝန်ကြီး ဌာနများမှ ထုတ်ပြန်ချက်များအရ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ဟောင်ကောင်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံစသည့် ဒေသတွင်းနိုင်ငံအချို့တို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည် မြင့်တက်လာခြင်းကိုတွေ့ရှိလာရပါသည်။

ကလေးများတွင် ကူးစက်မှုမြင့်မား

     အိမ်နီးချင်းထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအနေဖြင့် (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ မေလ (၁၇)ရက်နေ့အထိ ရောဂါဖြစ်ပွားသူ (၁၀၆,၄၈၁) ဦးရှိပြီး ရောဂါကြောင့် သေဆုံးသူ (၂၆)ဦးရှိကြောင်း သိရသည်။ သို့ရာတွင် (၂၀၂၄) ခုနှစ်တွင် ဇန်နဝါရီလမှ မေလဆန်းအထိ ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံ တက်ရောက်သူ (၇)သိန်းကျော်ရှိခဲ့သဖြင့် ယခုနှစ်ဖြစ်ပွားမှုသည်ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက သိသာစွာလျော့ နည်းကြောင်းသိရသည်။ ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု အမြင့်မားဆုံး ကာလမှာ မေလ (၁၁) ရက်နေ့မှ(၁၇)ရက်နေ့အတွင်းဖြစ်ပြီး ရောဂါဖြစ်ပွားသူလူနာသစ် (၃၃,၀၃၀)ဦးရှိ၍ဆေးရုံတက်ရောက်သူ(၁,၉၁၈)ဦးနှင့်သေဆုံးသူ(၂)ဦးရှိခဲ့ကြောင်းသိရသည်။ ၎င်း၏ရှေ့ရက်သတ္တပတ်ဖြစ်သည့် (၄-၅-၂၀၂၅)မှ (၁၀-၅-၂၀၂၅)အတွင်းတွင် ရောဂါဖြစ်ပွားသူ လူနာသစ် (၃၁,၁၉၄)ဦးရှိ၍ ဆေးရုံတက်ရောက်သူ (၂,၄၉၀)ဦးနှင့် သေဆုံးသူ(၈)ဦးရှိခဲ့ ကြောင်း သိရ၍ အဆိုပါ ရက်သတ္တပတ်နှစ်ခုကို နှိုင်းယှဉ်ပါက ရောဂါဖြစ်ပွားသူဦးရေ ပိုမို၍များပြားလာသော်လည်း ရောဂါပြင်းထန်မှုနှင့်သေဆုံးမှု လျော့ကျလာသည်ကိုတွေ့ရ သည်။ ရောဂါကူးစက်မှုမြင့်မားရခြင်းအကြောင်းအရင်းအနေဖြင့် ထိုင်းနိုင်ငံတွင် မိုးရာသီ ကာလစတင်ခြင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းနှင့် သင်္ကြန်ပွဲတော်ကဲ့သို့ လူစုလူဝေးဖြင့် ခရီးသွားလာမှုများပြားခဲ့သည့်အကြောင်းရင်းများကြောင့်ဟုသိရသည်။ အဓိကကူးစက်ပျံ့နှံ့ သည့်ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲမှာ ကူးစက်လွယ်အိုမီခရွန်အုပ်စုမှ ဆက်လက်၍မျိုးရိုးဗီဇ ပြောင်းလဲလာသည့် JN.1 အုပ်စု၊ ထိုမှဆက်လက်၍ မျိုးရိုးဗီဇပြောင်းလာသည့် XEC မျိုးကွဲ သည် အများစုဖြစ်ကြောင်းသိရှိရပြီး ဘန်ကောက်၊ ချွန်ဘူရီနှင့် ရယောင်း စသည့်နေရာ များတွင် ကူးစက်မှုနှုန်းမြင့်မား၍ ကလေးများတွင်လည်း ကူးစက်မှုမြင့်မားသည်ဟုသိရသည်။

     ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု နှင့် ဗီဇပြောင်းမျိုးကွဲအသစ်များကူးစက်မှုတို့ကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် အဖျားရောဂါ လက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန များ၊ ဆေးရုံများတွင်အဖျားရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလူနာတွေ့ရှိပါ က ဆေးရုံများတွင် သံသယလူနာများ သီးခြားထားရှိကုသနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းတို့အား ပိုမိုအားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။

ကာကွယ်ဆေးအမျိုးအစား ရှစ်မျိုးကိုအသုံးပြု၍ အကြိမ်ပြည့်ထိုးနှံနိုင်ခဲ့

     ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် အဓိကကျသည့် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းအား နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာန သည် နှီးနွယ်ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက် ခဲ့ရာ ကာကွယ်ဆေးအမျိုးအစား (၈)မျိုးကို အသုံးပြု၍ အသက်(၅)နှစ်နှင့်အထက်ပြည်သူ (၃၆.၃၆)သန်းကို ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ခဲ့ပြီး ထပ်ဆောင်းကာကွယ်ဆေး (၂၁.၂၅)သန်း doses ထိုးနှံပေးနိုင်ခဲ့ပါသည်။

     ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးများ မျိုးရိုးဗီဇပြောင်းသည်နှင့်အတူ ၎င်းမျိုးဗီဇပြောင်း ရောဂါပိုးများကို ကာကွယ်နိုင်မည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မျိုးဆက်သစ်များ သည်လည်း စဉ်ဆက်မပြတ်ထွက်ပေါ်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer X.B.B. 1.5 အသုံးပြု၍ (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလ အတွင်း ကိုဗစ် (၁၉) ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသည့် အသက် (၁၈) နှစ်အထက်ပြည်သူလူထု (၁၁၂,၅၂၉) ဦးနှင့် ကိုယ်ဝန်ဆောင် မိခင် (၁၄,၇၇၅)ဦး အပါအဝင် နောက်ဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးမှုကာလ (၆) လနှင့် (၁) နှစ် အတွင်းရှိသည့် ပြည်သူလူထု (၂,၂၈၆,၇၂၆)ဦး အားကာကွယ်ဆေးထိုးနှံနိုင်ခဲ့ကြောင်းသိရသည်။ (၂၀၂၅) ခုနှစ်၊ မေလ အတွင်းတွင် GAVI support for C 19 Vaccination အစီအစဉ်ဖြင့် ကူးစက်လွယ် အိုမီခရွန်အုပ်စုမှ ဆက်လက်၍မျိုးရိုးဗီဇ ပြောင်းလဲလာသည့် JN.1 အုပ်စုနှင့် နောက်ဆက်တွဲ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးများကို ကာကွယ်နိုင်မည့် Pfizer COVID-19 Vaccine JN.1 များကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

     ကမ္ဘာပေါ်တွင်ယခင်ကရှိခဲ့ဖူးသည့် အထောက်အထားတစ်စုံတရာမရှိဘဲ လက်ရှိအချိန် တွင်ပေါ်ထွက်လာသည့်ဗိုင်းရပ်စ်အသစ် (novel coronavirus)ဖြစ်သည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ပိုးသည် ၎င်း၏ကူးစက်ပြန့်ပွားလွယ်မှု၊ လျင်မြန်စွာမျိုးရိုးဗီဇပြောင်းလွယ်မှု၊ လူ၏ကိုယ်ခံအား စနစ်နှင့် မျိုးဆက်ဟောင်းကာကွယ်ဆေးများမှပေးအပ်သော ကိုယ်ခံအားကို ရှောင်လွှဲနိုင်မှု စသည့် ဂုဏ်သတ္တိများရှိမှုကြောင့် လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်နှင့် လူသားတို့နှင့် ယှဉ်တွဲ နေထိုင်ရမည်မှာ ရှောင်လွှဲခြင်းမပြုနိုင်သည့်ကိစ္စတစ်ရပ်အဖြစ် ထင်ရှားလာခဲ့ပြီ ဖြစ်ပါသည်။

နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ စနစ်တကျစစ်ဆေးကုသမှုကို ခံယူရမည်

     မိဘပြည်သူများအနေဖြင့် ထိုသို့ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးနှင့် အတူယှဉ်တွဲနေထိုင်ကြ ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ကိုလိုက်နာ၍ ဦးတည်အုပ်စုအလိုက်၊ အသက်အရွယ်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို မပျက်မကွက် အထူးဂရုပြု၍ရယူရမည်ဖြစ်ပါသည်။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူ၊ နာတာရှည် ရောဂါအခံရှိသူ၊ ကိုယ်ခံအားကျဆင်းနေသူများနှင့် လူနာနှင့်ထိတွေ့ ရသည့် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုများကို ခံယူရမည်ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးအပါအဝင် အခြားသင့်တော်သည့် ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်ကိုလိုက်နာ၍ မပျက်မကွက်ထိုးနှံမှုခံယူသင့်ပါသည်။ ထို့ပြင် စနစ်တကျ လက်ဆေးခြင်း၊ နှာချေ၊ ချောင်းဆိုးရာတွင် ပါးစပ်နှင့်နှာခေါင်းကို လုံခြုံအောင်ဖုံးအုပ်ခြင်း၊ လူစုလူဝေးရှိရာနေရာများနှင့် အလုံပိတ်အခန်းများသို့ သွားရောက်ရာတွင် ပါးစပ်နှင့်နှာခေါင်း စည်း(mask) စနစ်တကျတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။ အသက်အရွယ် ကြီးရင့်သူများနှင့် နာတာရှည်ရောဂါအခံရှိသူများအနေဖြင့် အထက်ပါတစ်ကိုယ်ရေ ကာကွယ်ရေးနည်းလမ်းများကို အထူးလိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း၊ အသက်ရှူရခက်ခဲ ခြင်း စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာ တစ်စုံတစ်ရာပေါ်ပေါက်ပါက ကိုဗစ်-၁၉ရောဂါဖြစ်နိုင်ချေရှိသည်ကို သတိပြုပြီး လူစုလူဝေးရှောင်ကြဉ်ခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း(mask) စနစ်တကျတပ်ဆင်ခြင်း၊ စနစ်တကျ လက်ဆေးခြင်းတို့ကို ဆောင်ရွက် ၍ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသ၍ စနစ်တကျစစ်ဆေးကုသမှုကို ခံယူရမည် ဖြစ်ပါသည်။

     အချုပ်အားဖြင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုးနှင့် ယှဉ်တွဲနေထိုင်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ် ပြည့်ထိုးနှံမှုခံယူခြင်း၊ လိုအပ်သည့်ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံမှုခံယူခြင်းနှင့် တစ် ကိုယ်ရေကာကွယ်နည်းလမ်းများကို ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် မေ့လျော့ခြင်း မရှိဘဲ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

                          

More Tags