ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဒဂုံမြို့သစ်-တောင်ပိုင်းမြို့နယ်ရှိ လေးထောင့်ကန်တိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာန(RHC)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်

     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ရန်ကုန် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်-တောင်ပိုင်းမြို့နယ်ရှိ လေးထောင့်ကန်တိုက်နယ်ဆေးရုံနှင့် လေးထောင့်ကန်ကျေးလက်ကျန်းမာရေးဌာနတို့သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

                           

           

                          

 

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်-တောင်ပိုင်းမြို့နယ်၊ လေးထောင့်ကန် ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်ကြည့်ရှုပြီး  ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ အားပေးစကားပြောကြားကာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးထားသည့် ဆေးဝါးများအသုံးပြုမှုအခြေအနေ၊ ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အခြေအနေများကိုစစ်ဆေးကာ ဆေးဝါးများ အကျိုးရှိစွာ အသုံးပြုစေရေး၊ ရွှေ့ပြောင်းပြည်သူများ ကျန်းမာရေးအသိပညာမြှင့်တင်နိုင်ရေးအတွက်  ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ သတ်မှတ်နေ့ရက်အလိုက် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများ ဖြစ် သော ကိုယ်ဝန်ဆောင်များ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကူးစက်ရောဂါနှင့်သက်ဆိုင်သော လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သွေးတိုး/ဆီးချို စသော မကူးစက်တတ်သော ရောဂါလူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊  သက်ကြီးပုဂ္ဂိုလ်များ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ မီးတွင်းမိခင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကာကွယ် ဆေးထိုးနှံပေးခြင်းနှင့် (၅)နှစ်အောက် ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့် မြို့ပြနှင့် ကျေးလက် ကျန်းမာရေးအဆင့် ကွာဟမှုမရှိစေရေး၊ ဒေသန္တရကျန်းမာရေးဌာန (Urban Health Center-UHC) များကို မြို့ပေါ်၌ ဖွင့်လှစ်ထားရှိရာ ပြည်သူအားလုံးအကျုံးဝင်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို အားဖြည့်နိုင်ရန်အတွက် ယခုအခါ အဆိုပါ UHC များ၏ လုပ်ငန်းများ ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စေတနာထားဆောင်ရွက် ကြရေးတို့ကို မှာကြားပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

                            

 

                                            

 

     ဆက်လက်၍ ဒဂုံမြို့သစ်-တောင်ပိုင်းမြို့နယ်ရှိ လေးထောင့်ကန်တိုက်နယ်ဆေးရုံသို့ သွားရောက် ၍ အရေးပေါ်လူနာကုသဆောင်၊ ပြင်ပလူနာဌာန၊ ခွဲစိတ်ခန်းနှင့် ဆေးရုံဝင်းအတွင်း လှည့်လည် ကြည့်ရှုကာ ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ကြည့်ရှုစစ်ဆေးပြီး ဆေးရုံလုပ်ငန်း များ တိုးတက်စေရေး မှာကြားကာ လူနာများအား အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။

                           

 

                           

 

     ပြည်ထောင်စုဝန်ကြီးမှ တွေ့ဆုံအမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆေးရုံတိုင်းတွင် ဆရာဝန်ရှိစေရေးအတွက် တိုက်နယ် ဆေးရုံများအထိ ဆရာဝန်များဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လေးထောင့်ကန်တိုက်နယ် ဆေးရုံသည် ဒဂုံမြို့သစ်-တောင်ပိုင်းမြို့နယ် အချက်အချာနေရာကျသောနေရာတွင် တည်ရှိနေပြီး ပြည်သူအများ အားကိုးအားထားရာဆေးရုံတစ်ရုံဖြစ်သဖြင့် ဆေးရုံအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ဝန်ထမ်းအိမ်ရာ လိုအပ်ချက်၊ ဆေးနှင့် ဆေးပစ္စည်းလိုအပ်ချက်များကို ဖြည့်ဆည်းကာ  ပြည်သူများ အားကိုးယုံကြည်ရ သည့် ပြည်သူ့ဆေးရုံဖြစ်စေရေးအတွက် လူနာများ အရေးပေါ်လူနာဌာနသို့ ရောက်ရှိချိန်မှ စတင်ကာ ပြည်သူများစိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဆေးကုသမှုရရှိနိုင်ရေးတို့ကို မှာကြားကာ လိုအပ်သည် များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

                           

                           

 

 

More Tags