26 May 25MOHSAdmin3

မိုးရာသီတွင် ဖြစ်ပွားတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဖြစ်သည့် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော်၊ မေ ၂၃

     မိုးရာသီတွင် ဖြစ်ပွားတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဖြစ်သည့် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၃-၅-၂၀၂၅)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၌ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ဦးဆောင်၍ ကျင်းပပြုလုပ်ပါသည်။

                           

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံအချို့နှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ များအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ လတ်တလောမြင့်တက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာသော်လည်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲများသည် XBBနှင့် JN.1 တို့မှ မျိုးရိုးဗီဇပြောင်းလာသော ရောဂါပိုး များဖြစ်ပြီး ရောဂါပိုမိုပြင်းထန်မှုနှင့် ပိုမိုသေဆုံးမှု မရှိကြောင်း၊  လက်ရှိထိုးနှံနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေကို ထိရောက်စွာ လျှော့ချနိုင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ နိုင်ငံတကာအရေးပေါ်အခြေအနေအဖြစ်မှ ရုတ်သိမ်းခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံဖြတ်ကျော်ဝင်ထွက်ပေါက်များဖြစ်သော အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ် ဂိတ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလက္ခဏာရှိသူများအား ဓာတ်ခွဲစစ်ဆေးခြင်း၊ မျိုးရိုးဗီဇပြောင်းလဲမှုစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအစရှိသော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊  မိုးရာသီကာလ စိုစွတ်သည့်ရာသီဥတုအခြေအနေကြောင့် အသက်ရှူလမ်းကြောင်းမှ ကူးစက်တတ် သော ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများကို ပိုမိုအားဖြည့် စောင့်ကြပ် ကြည့်ရှုရမည်ဖြစ်ပါကြောင်း၊ သံသယလူနာများကို ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်း၊ အနီးကပ် ထိတွေ့သူများကို ရှာဖွေဖော်ထုတ်၍ စစ်ဆေးခြင်း၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွား သော ရောဂါပိုးများ၏ မျိုးရိုးဗီဇပြောင်းလဲမှုများနှင့် ကူးစက်ဖြစ်ပွားနိုင်မှု၊ ရောဂါလက္ခဏာပြင်းထန် နိုင်မှုနှင့် ကာကွယ်ဆေးခုခံနိုင်စွမ်းတို့ကို မျက်ခြေမပြတ် စောင့်ကြည့်သုံးသပ်ပြီး ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို အသင့်ပြင်ဆင်ထားရ မည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုမှ ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါတို့နှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ သိရှိစေရန်နှင့် လိုအပ်သည့် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို တိကျစွာလိုက်နာ ဆောင်ရွက်ကြစေရန် ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးခြင်း၊ ပြင်းထန်ရောဂါဖြစ်ပွားနိုင်ခြေနှင့် သေဆုံးနိုင်ခြေမြင့်မား သော အသက်အရွယ်ကြီးရင့်သူများ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များအား ဦးစားပေး၍ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းအား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးမှ ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါကဲ့သို့သော မိုးရာသီအတွင်း ပိုမိုကူးစက်ဖြစ်ပွားနိုင်သောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလူနာများအား ပြည်သူ့ဆေးရုံကြီးများတွင် ထိရောက်စွာ စနစ်တကျ ဆေးကုသမှုပေးနိုင်ရေး လိုအပ်သည့်အရင်း အမြစ်များ ကြိုတင်ပြင်ဆင်ထားရှိမှုနှင့်ပတ်သက်၍ ဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေး ပြောကြားခဲ့ပါသည်။

                           

     ယင်းနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာကြသော ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်တို့မှ ညွှန်ကြားရေးမှူးများမှ ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါတို့နှင့်ပတ်သက်၍ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း၊ ကာကွယ်ဆေးထိုးနှံခြင်း‌ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

                          

 

     အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသီတာလှ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာတင်ထွန်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲမြင့်၊ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန် ရှိသူများတက်ရောက်ခဲ့ကြပါသည်။

                           

 

     မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှု၍ အပတ်စဉ် သတင်းထုတ်ပြန် ခြင်းအား ဆောင်ရွက်လျက်ရှိရာ  ယခုရက်သတ္တပတ်တွင် အနည်းငယ်မြင့်တက်လာသော်လည်း ပြင်းထန် လူနာနှင့် အထူးကြပ်မတ်ကုသမှုပေးရသော လူနာများ မရှိခြင်း သေဆုံးသူမရှိခြင်းတို့ကြောင့် စိုးရိမ်ဖွယ်ရာမရှိကြောင်း၊  ဦးစားပေးအုပ်စုများကို ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးများ ကို ထိုးနှံပေးခြင်းအား   ဆက်လက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ SARS CoV-2 မျိုးရိုး ဗီဇပြောင်းလဲမှုအား စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိရာ ယခုအထိတွေ့ရှိရသော ဗီဇပြောင်းပိုးများသည် ကမ္ဘာ့နိုင်ငံများတွင်လည်း ကူးစက်လျက်ရှိပြီး ပြင်းထန်မှုမရှိသည့် မျိုးကွဲများဖြစ်သည့်အတွက် လက်ရှိထိုးနှံပေးနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဖြင့် ထိရောက်စွာကာကွယ်နိုင် ကြောင်းသိရှိရပါသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုရေး နှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

More Tags