နေပြည်တော်၊ ဇွန် (၄)ရက်
အသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲအခမ်းအနားအား (၄-၆-၂၀၂၅)ရက်နေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းမှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ ကမ္ဘာပေါ်တွင် နာတာရှည်အသည်းရောင်အသားဝါစီရောဂါဖြစ်ပွားမှု သန်း ၅၀ ခန့်၊ တစ်နှစ်လျှင် လူနာသစ် ၁ သန်းခန့် ရှိနေပြီး ၂၀၂၂ ခုနှစ်တွင် လူဦးရေ နှစ်သိန်းခွဲခန့်သည် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ရောဂါများကြောင့် သေဆုံးခဲ့ရပါကြောင်း၊ အသည်းရောင်အသားဝါရောဂါစီပိုးသည် ကုသဆေးများနှင့် လုံးဝ ပျောက်ကင်းအောင် ကုသနိုင်ပြီး အသည်းရောင်အသားဝါရောဂါဘီ ရောဂါပိုးအား ကာကွယ်ဆေးများ စနစ်တကျထိုးနှံမှုခံယူခြင်းဖြင့် ကာကွယ်နိုင်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် နာတာရှည် အသည်းရောင်အသားဝါရောဂါ ဖြစ်ပွားစေတတ်တဲ့ဘီပိုးနှင့် စီပိုးများကို ၂၀၃၀ ခုနှစ်တွင် ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ ကင်းစင်ပပျောက်ရေး ရည်မှန်းချက်ထားရှိပြီး ၂၀၁၄ ခုနှစ်မှစတင်၍ အသည်းရောင်အသားဝါရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကုသရေး လမ်းညွှန်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသည်းရောင်အသားဝါ စီပိုး ကုသခြင်းအား အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများတွင် အစောဆုံးနိုင်ငံအဖြစ် ၂၀၁၇ ခုနှစ်မှစတင်၍ သတ်မှတ်ထားသော ပြည်သူ့ဆေးရုံကြီးများတွင် အခမဲ့ကုသပေးလျက်ရှိပါကြောင်း၊ ရောဂါစစ်ဆေးခြင်း အတွက် လိုအပ်သည့် ပစ္စည်းများနှင့် ကုသရေးဆေးဝါးများကို ကျန်းမာရေးဝန်ကြီးဌာန၏ နိုင်ငံတော်ရန်ပုံငွေဖြင့် နှစ်စဉ်ဝယ်ယူခဲ့ပြီး အသည်းရောင်အသားဝါ စီ ရောဂါကုသဆေးဝယ်ယူမှုအနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကျပ် သန်း ၆၈.၆၄ ခန့်၊ ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၃၄၈.၈၂ ခန့်ကို အသုံးပြုပြီး ဝယ်ယူဖြည့်တင်းခဲ့ပါကြောင်း၊ ယခုအခါ ပြည်သူ့ဆေးရုံကြီး ၁၄ ရုံတွင် အသည်းရောင်အသားဝါ စီ ပိုး ဆေးကုသမှုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် လာရောက်မွေးဖွားသည့် မွေးကင်းစကလေးများကို အသည်းအရောင်အသားဝါဘီပိုး ကာကွယ်ဆေး ထိုးပေးခြင်းနှင့် အသက် (၅)နှစ်အောက်ကလေးများတွင် အသည်းရောင်အသားဝါ ဘီ ပိုး ကာကွယ်ဆေးပါဝင်သည့် ငါးမျိုးစပ်ကာကွယ်ဆေးကို ၄ ကြိမ် ထိုးနှံပေးခြင်းများဖြင့် အသည်းရောင် အသားဝါရောဂါ ဘီ ပိုးအား ကာကွယ်တားဆီးပေးလျက်ရှိပါကြောင်း၊ စာရင်းဇယားအချက်အလက် များအရ နိုင်ငံတော်အနေဖြင့် ကျန်းမာရေးအသုံးစရိတ်ကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်သုံးစွဲခဲ့ပြီး နိုင်ငံတော်မှကျန်းမာရေးကဏ္ဍအတွက် အသုံးစရိတ်ပိုမိုစိုက်ထုတ်သုံးစွဲခဲ့မှုကြောင့် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ်တွင် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးအတွက်စိုက်ထုတ်သုံးစွဲရမှုမှာ ၁၀ ရာခိုင်နှုန်းလျော့နည်းလာသည်ကို တွေ့ရှိရပါကြောင်း၊ အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်မှု အခြေအနေနှင့် တွေ့ရှိရသော အခက်အခဲများကို ဆွေးနွေးသုံးသပ်ပြီး ဆေးနှင့်ဆေးပစ္စည်းများကို လူနာများအတွက် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် လူနာဆေးကုသမှု ပိုမိုဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများ၊ အသည်းရောင်အသားဝါရောဂါ စီ ပိုးကုသမှုလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိသော ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခသမားတော်ကြီးများ၊ အသည်းရောဂါ ဆေးပညာဌာန ပါမောက္ခများ၊ ပြည်သူ့ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)၊ Myanmar CDC နှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)တို့မှ အထူးကုဆရာဝန်ကြီးများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Clinton Health Access Initiative (CHAI) အဖွဲ့၊ မြန်မာ့အသည်းဖောင်ဒေးရှင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဒုတိယပိုင်းအား နေပြည်တော်၊ မင်္ဂလာသီရိ ဟိုတယ်၌ ဆက်လက်ကျင်းပခဲ့ပြီး တက်ရောက်လာကြသူများမှ အသည်းရောင်အသားဝါရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် အခက်အခဲများအား သုံးသပ်ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံတွင် အိတ်ချ်အိုင်ဗွီ၊ ကာလသားရောဂါနှင့် အသည်းရောင်အသားဝါ ဘီ ရောဂါကင်းစင် ပပျောက်ရေး (Triple Elimination) နှင့် အသည်းအရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်အား ပြန်လည်သုံးသပ်၍ ရှေ့ဆက်ဆောင်ရွက် မည့်လုပ်ငန်းများ ချမှတ်ခြင်းတို့အား (၄-၆-၂၀၂၅)ရက်နေ့မှ (၅-၆-၂၀၂၅)ရက်နေ့အထိ (၂)ရက်တာ သုံးသပ်ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ပါသည်။