နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဇွန်လ ၁၄ ရက်
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းနှင့် တာဝန်ရှိသူ များလိုက်ပါလျက် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့၊ နေ့လယ်ပိုင်းတွင် အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိသော ဒေသန္တရကျန်းမာရေးဌာန(UHC)များသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လှိုင်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိ ဒေသန္တရ ကျန်းမာရေးဌာနများသို့ သွားရောက်ကာ အဆိုပါ ဒေသန္တရကျန်းမာရေးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ရာသက်ဆိုင်ရာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများမှ ဒေသန္တရကျန်းမာရေးဌာန ဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကာ ပြည်ထောင်စု ဝန်ကြီးမှ ဒေသန္တရ ကျန်းမာရေးဌာနများနှင့် ဝန်ထမ်းအိမ်ရာများသို့ လှည့်လည်ကြည့်ရှုကာ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်မှာကြားရာတွင် ဒေသန္တရကျန်းမာရေးဆေးခန်းများ၌ ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးထားသည့် ဆေးဝါးများ အသုံးပြုမှုအခြေအနေ၊ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အခြေအနေများကိုစစ်ဆေးကာ ဆေးဝါးများ အကျိုးရှိစွာ အသုံးပြုစေရေး၊ မိမိတို့ ဒေသတွင်းသို့ ပြောင်းရွှေ့လာသည့် ရွှေ့ပြောင်းပြည်သူများ ကျန်းမာရေးအသိပညာမြှင့်တင်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများနှင့် ဆေးကုသမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ သတ်မှတ်နေ့ရက် အလိုက် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများဖြစ်သော ကိုယ်ဝန်ဆောင်များ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း၊ ကူးစက်ရောဂါနှင့်သက်ဆိုင်သော လူနာများအားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သွေးတိုး/ဆီးချိုစသောမကူးစက်တတ်သောရောဂါ လူနာ များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သက်ကြီးပုဂ္ဂိုလ်များ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု များပေးခြင်း၊ မီးတွင်းမိခင်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် (၅)နှစ်အောက်ကလေးများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကိုအရှိန်အဟုန်မြှင့်ဆောင်ရွက် နိုင်ရန်နှင့် မြို့ပြနှင့် ကျေးလက် ကျန်းမာရေးအဆင့် ကွာဟမှုမရှိစေရေး၊ ဒေသန္တရကျန်းမာရေးဌာန (Urban Health Center-UHC) များကို မြို့ပေါ်၌ ဖွင့်လှစ်ထားရှိရာ ပြည်သူအားလုံးအကျုံးဝင်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို ယခုထက်ပိုမို၍ အားဖြည့်ဆောင်ရွက်ရန်၊ သွေးလွန်တုပ်ကွေးနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ မိမိတို့ကျန်းမာရေးဌာနအောက်ရှိ ရပ်ကွက်များတွင် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ကျန်းမာရေး အသိပညာပေးခြင်း၊ (ဖုံး/သွန်/လဲ/စစ်) လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ ရေစည်ရေကန်များ အဘိတ်ဆေးခပ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများအား အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။
အဆိုပါ ဒေသန္တရကျန်းမာရေးဌာနများအနေဖြင့် ပြည်သူများမှ ပြည်သူ့ကျန်းမာရေးစောင့်ရှောက် မှုများအပြင် သာမန်နာမကျန်းဖြစ်မှုများနှင့် နာတာရှည်မကူးစက်နိုင်သောရောဂါများ အခြေခံ ကျန်းမာရေးစစ်ဆေးမှု၊ ဆေးဝါးထောက်ပံ့မှုတို့ကို ဆေးရုံသို့သွားရောက်ရန်မလိုဘဲ ဒေသန္တရကျန်းမာရေး ဌာနများ၌ သွားလာရလွယ်ကူစွာ ရရှိခံစားနိုင်မည်ဖြစ်ပြီး သာမန်ထက်ပိုသော နာမကျန်းလူနာများ အနေဖြင့်လည်း ပြည်သူ့ဆေးရုံကြီးများ၌ ပိုမိုအဆင်ပြေစွာ ကုသမှုခံယူနိုင်မည် ဖြစ်ပြီးလူနာများကို ကျန်းမာရေးဌာနများမှတစ်ဆင့် ပြည်သူ့ဆေးရုံကြီးများသို့ အဆင့်ဆင့် စနစ်တကျ လွှဲပြောင်း ပေးပို့မှု စနစ်ကိုလည်း တစ်ပါတည်း အကောင်အထည်ဖော်ဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ဆေးရုံကြီးများမှ ပြန်လည်ညွှန်းပို့လာသည့် လူနာများကိုလည်း စဉ်ဆက်မပြတ်ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးများစဉ်ဆက်မပြတ်ထောက်ပံ့နိုင်ရေးကိုလည်း ဒေသန္တရကျန်းမာရေးဌာနများအနေဖြင့် ဆက်လက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။