နေပြည်တော်၊ ဇွန်လ (၂၄) ရက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ၂၀၂၅ ခုနှစ် ဇွန်လ (၁၈)ရက်နေ့မှ (၂၁) ရက်နေ့ထိ ကျင်းပပြုလုပ်သည့် (၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်နေသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဇွန်လ (၁၈)ရက်နေ့ မနက်ပိုင်းတွင် ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် Drug Security Forum သို့တက်ရောက် ခဲ့ပါသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခဒေါက်တာရဲမြင့်မှ speaker အဖြစ်တက်ရောက်ဆွေးနွေးသည့် အဆိုပါဖိုရမ်တွင် ဆေးဝါးများစဉ်ဆက်မပြတ် ပြည့်စုံလုံလောက်စွာ လက်လှမ်းမီရရှိနိုင်ရေး အတွက် နိုင်ငံများအချင်းချင်း ပိုမိုပူးဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံမှလက်ရှိ ဆောင်ရွက ပေးလျက်ရှိသည့် ဆေးဝါးမှတ်ပုံတင်ရေးလုပ်ငန်းစဉ်များ၊ ရုရှားနိုင်ငံမှထုတ်လုပ်သည့် ဆေးဝါးများတင်သွင်း လျက်ရှိသည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါ သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုရှားနိုင်ငံ Rosatom ကုမ္ပဏီမှ တာဝန်ရှိသူများအား စိန့်ပီတာစဘတ်မြို့၌ လက်ခံတွေ့ဆုံ၍ ရုရှားနိုင်ငံ၏ အဏုမြူ ရောင်ခြည်ဖြင့် ရောဂါရှာဖွေရေးနှင့် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေရေးနှင့် ဆေးကုသမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ရုရှားနိုင်ငံမှ ကူညီပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇွန်လ (၁၉) ရက်နေ့ မနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကျန်းမာရေးဝန်ကြီး မစ္စတာ မီခေးမူရက်စ်ကို နှင့် စိန့်ပီတာစဘတ်မြို့ ညီလာခံကျင်းပရာ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးရာတွင် ၂၀၂၅ ခုနှစ် မတ်လက နိုင်ငံတော်အကြီး အကဲခရီးစဉ်၌ နှစ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနများအကြား လက်မှတ် ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာ (MOU) တွင်ပါရှိသည့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကိစ္စများ၊ နှစ်နိုင်ငံဆေးဘက်ဆိုင်ရာပညာရှင်များ အပြန်အလှန်စေလွှတ်၍ အတွေ့အကြုံဖလှယ်ရေးနှင့် လေ့ကျင့်သင်ကြားပေးရေးကိစ္စ ရပ်များ၊ တောင်ကြီးစဝ်စံထွန်း ဆေးရုံကြီးအဆင့်မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စရပ်များ၊ ရုရှားနိုင်ငံမှ ထုတ်လုပ်သည့်ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ ဓါတ်ခွဲခန်းသုံးပစ္စည်းများ တင်သွင်းရောင်းချနိုင်ရေးအတွက် MOU လက်မှတ်ရေးထိုး နိုင်ရေးကိစ္စရပ်များ၊ အဏုမြူရောင်ခြည်ဖြင့် ဆေးကုသမှုလုပ်ငန်းများနှင့် မျိုးရိုးဗီဇ ကင်ဆာရောဂါ ဆေးကုသမှုလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေး နွေးခဲ့ကြပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန်လ (၂၁) ရက်နေ့ မနက်ပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ Geropharm ဆေးဝါးကုမ္ပဏီ၏ ဆေးဝါးထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာရာ စက်ရုံတာဝန်ရှိသူများက ကုမ္ပဏီ၏ ဆီးချိုရောဂါ ကုသရေး အင်ဆူလင်ထိုးဆေးနှင့် ဆေးဝါးများထုတ်လုပ်ပုံအဆင့်ဆင့်ကိုလည်းကောင်း၊ ဆေးဝါးများ အရည်အသွေးပြည့်မီရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များနှင့် ခေတ်မီနည်းပညာများဖြင့် စနစ်တကျထုတ်ပိုး၍ အာဆီယံနိုင်ငံများ၊ အာဖရိကနိုင်ငံများ နှင့် လက်တင် အမေရိကနိုင်ငံများသို့ အရည်အသွေးပြည့်မီစွာတင်ပို့ရောင်းချလျက်ရှိသည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့မှ သိရှိလိုသည်များ အားမေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ ရုရှားနိုင်ငံအခြေစိုက် Geropharm ကုမ္ပဏီသည် နှစ်ပေါင်း ၂၀ ကျော်သက်တမ်းရှိသည့် Biotechnological company တစ်ခုဖြစ်ပြီး ဆီးချိုရောဂါ ကုသရာတွင် အသုံးပြုသည့် အင်ဆူလင်ဆေးဝါးများ၊ ဉီးနှောက်နှင့်အာရုံကြော ရောဂါကုသမှုဆေးဝါးများ၊ မျက်စိရောဂါကုသမှုဆေးဝါးများ စသည်တို့ ထုတ်လုပ်လျက် ရှိသော ကမ္ဘာ့အဆင့် (၁၀)ရှိ ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်ကြောင်းသိရှိရပါသည်။