ကျန်းမာရေးဝန်ကြီးဌာန ၂၀၂၅ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင် ၅ ရက်

      ကျန်းမာရေးဝန်ကြီးဌာန ၂၀၂၅ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးခရိုင်၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရုံး၌ကျင်းပသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ဇနီး ၊ ညွှန်ကြား‌ရေးမှူးချုပ်များနှင့် ဇနီးများ၊ ဒုတိယ ညွှန်ကြား‌‌ရေးမှူးချုပ်များနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်သည်။

                     

                     

     ဦးစွာ ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ် ရတနာတန်းဝင်ကျွန်းပင်ကို သတ်မှတ် နေရာတွင် ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက အထိမ်းအမှတ် သစ်ပင်များကို သတ်မှတ်နေရာများတွင် ဆက်လက်စိုက်ပျိုးကြသည်။

                   

                       

     ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဝန်ထမ်းများ စုပေါင်း စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။ ယခု သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ စိန်ပန်း၊ စွယ်တော်၊ မန်ကျည်း၊ ကံ့ကော်၊ ပိတောက်၊ ခရေ၊ ကုက္ကိုလ် စသည့် စုစုပေါင်း သစ်မျိုး (၁၀) မျိုးဖြင့် ပျိုးပင် (၄၀၀)ကို စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

                   

                   

     သစ်တောသယံဇာတများ ရေရှည်တည်တံစေရေးနှင့် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်း ပြုစုရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေးအတွက် မိုးရာသီအကြိုနှင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ များကို နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ယခု ၂၀၂၅ ခုနှစ် မိုးရာသီအထိ တွင် သစ်ပင် စုစုပေါင်း (၂၀၀၀)ကျော်စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

 
 

More Tags